
ဆန်ချိုကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာတဲ့ ဒေါ့မွန်
ဒေါ့မွန်ဟာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့သွားခဲ့တဲ့ အသင်းရဲ့ကစားသမားဟောင်း ဂျေဒန်ဆန်ချိုကို နောက်ထပ်တစ်ကြိမ် အသင်းသို့ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ Sky Sport Germany ရဲ့အဆိုအရ ဒေါ့မွန်ဟာ ဆန်ချိုကို တတိယအကြိမ်မြောက်ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး အသင်းအတွင်း အလားအလာရှိတဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒေါ့မွန်အနေနဲ့ အင်္ဂလန်သားကို အပြီးသတ်ဝယ်ယူသွားမှာဖြစ်ပြီး ယူနိုက်တက်ဘက်ကတော့ အသက်-၂၅ နှစ်အရွယ်ကစားသမားကို ပေါင် ၁၇ သန်းဝန်းကျင်နဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဒေါ့မွန်မှ ယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဆန်ချိုဟာ ၂၀၂၃ ခုနှစ်နွေရာသီနှောင်းပိုင်းမှာ အဲရစ်တန်ဟက်နဲ့ ပြဿနာတက်ပြီးနောက် ဒေါ့မွန်သို့ အငှားစာချုပ်နဲ့ ထွက်ခွာကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာလည်း အင်္ဂလန်သားဟာ ပြိုင်ဘက်အသင်း ချဲလ်ဆီးသို့ တစ်ရာသီအငှားစာချုပ်နဲ့ထွက်ခွာခဲ့ပေမယ့် ချဲလ်ဆီးက အပြီးသတ်ဝယ်ယူခဲ့ခြင်းမရှိဘဲ လျော်ကြေးပေးကာ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်စေလွှတ်ခဲ့ပါတယ်။
ယခုနွေရာသီအတွင်းမှာတော့ ဆန်ချိုအနေနဲ့ ယူနိုက်တက်နဲ့ အပြီးသတ်လမ်းခွဲဖို့အလားအလာရှိနေပြီး အီတလီထိပ်သီးကလပ်တွေရဲ့ချိတ်ဆက်မှုတွေရှိနေပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့တော့ ကြန့်ကြာနေဆဲဖြစ်ပါတယ်။ ယခုအခါမှာ ဒေါ့မွန်ကပါ ဆန်ချိုကိုပြန်လည်ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပြီး ကစားသမားအနေနဲ့လည်း အသင်းဟောင်းနဲ့ပြန်လည်ပေါင်းစည်းဖို့ ဆန္ဒရှိနိုင်တာကြောင့် ဂျာမန်မြေသို့ထွက်ခွာနိုင်ချေရှိနေပါတယ်။
ဆန်ချိုဟာ ဒေါ့မွန်အတွက် အထူးခြေစွမ်းပြသခဲ့တဲ့ ဥရောပကြယ်ပွင့်ဖြစ်ခဲ့ပြီး ၃ ရာသီအတွင်း စုစုပေါင်း ၁၂၅ ပွဲကစားခဲ့ရာမှာ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုပေါင်း ၁၀၉ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ကာလတိုအငှားစာချုပ်နဲ့ ပြန်လည်ရောက်ရှိလာချိန်မှာလည်း ဆန်ချိုဟာ ဒေါ့မွန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ယခုနွေရာသီအတွင်းဒေါ့မွန်ဟာ အသင်းရဲ့တောင်ပံကစားသမား ဂျေမီဂစ်တန်စ်ကို ချဲလ်ဆီးထံသို့ ပေါင် ၆၁ သန်းနဲ့ရောင်းချထားခဲ့ပြီး လူငယ်ကစားသမား ၃ ဦးကို ပေါင် ၂၇ သန်းနဲ့ပြန်ဝယ်ခဲ့တာကြောင့် နောက်ထပ်ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ ဘဏ္ဍာငွေအလုံအလောက်ရှိနေပါတယ်။ ဒါ့အပြင်ဒေါ့မွန်ဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတာကြောင့် အသင်းကိုအင်အားဖြည့်တင်းဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။
အပြောင်းအရွှေ့ကာလပိတ်သိမ်းဖို့က အချိန် ၁ လကျော်ကျန်နေသေးတာကြောင့် ဒေါ့မွန်အနေနဲ့ အသင်းရဲ့ကြယ်ပွင့်ဟောင်းကို ပြန်လည်ခေါ်ယူဖို့ အချိန်အလုံအလောက်ကျန်နေပါသေးတယ်။ ဆန်ချိုကတော့ ယူနိုက်တက်မှာဆက်နေပါက နေရာရဖို့မရှိတာကြောင့် ထွက်ခွာဖို့ကြိုးစားလာမှာဖြစ်ပေမယ့် ဒေါ့မွန်သို့ပြောင်းရွှေ့ပါက လက်ရှိလစာထက် လျှော့ယူသွားရဖို့တော့ရှိနေပါတယ်။