
အာဆင်နယ်နဲ့ပွဲစဉ်သရေရလဒ်အတွက် စိတ်ပျက်နေတဲ့ ရူဘင်ဒီယက်စ်
ယမန်နေ့၊ အာဆင်နယ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အပြီး မန်စီးတီးနောက်ခံလူရူဘင်ဒီယက်စ်က ခံစားချက်တွေ ရောပြွန်းနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဟာလန်းရဲ့ပွဲချိန် ၉ မိနစ်သွင်းဂိုးဖြင့် ပွဲချိန်တလျှောက်လုံး မန်စီးတီးတို့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းနာကျင်အချိန်ပိုမှာတော့ လူစားဝင်ကစားသမားမာတင်နယ်လီက ဂန်နားတွေအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီယက်စ်က “ နိုင်ပွဲလမ်းကြောင်းနဲ့ အတော်လေးနီးစပ်ခဲ့ပါတယ်။ အမှန်ပါပဲ၊ သုံးမှတ်အပြည့်ရရှိဖို့ အတော်လေးနီးစပ်ခဲ့လို့ စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့အတွက် အကောင်းဆုံးပွဲစဉ် မဟုတ်ဘူးဆိုရင်တောင် အသင်းက အနိုင်ရလဒ်ဆီ ဦးတည်ကစားခဲ့သလို ဒုက္ခရောက်နေချိန်မှာလည်း ရဲရဲရင့်ရင့်ကျော်ဖြတ်သွားခဲ့ပါတယ်။ ပြိုင်ဘက်ဆီမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိနေတယ်ဆိုရင်တောင် ကျွန်တော်တို့အသင်းကပဲ ပွဲစဉ်ကို ပိုပြီးထိန်းချုပ်နိုင်ခဲ့တယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့အသင်း အရမ်းကျစ်လစ်ခဲ့ပါတယ်။
အမှန်ပါပဲ၊ အဆုံးသတ်မှာ ပြိုင်ဘက်ဆီ ချေပဂိုးပေးလိုက်ရပြီး ကျွန်တော်တို့အတွက် စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်မှတဆင့် ပိုပြီးသင်ယူသွားရပါမယ်။ အခုသီတင်းပတ်အစောပိုင်းလောက်မှာ ကျွန်တော်တို့အသင်းကို ခုနစ်ရက်အတွင်း သုံးပွဲကစားရချိန် အခုလိုမျိုး စွမ်းဆောင်ပြနိုင်မယ်လို့ ဘယ်သူမှ မယုံကြည်ခဲ့ပါဘူး။ အသင်းမှာရှိနေတဲ့ စိတ်ဓါတ်ပိုင်းကြောင့် အခုလိုမျိုး စွမ်းဆောင်ပြနိုင်တာပါ။ ဒါကပဲ အောင်ပွဲကြီးတစ်ခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။