
အင်ဇာဂီထွက်ခွာနိုင်မှုကောလာဟလကို ချန်ပီယံလိဂ်ဖိုင်နယ်မတိုင်ခင် ကစားသမားတွေအကြား မဆွေးနွေးဖြစ်ပါဘူးလို့ ဝန်ခံလိုက်တဲ့ ဒမ်ဖရီးစ်
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို ၅-၀ ဂိုးဖြင့်ရှုံးနိမ့်မှုမတိုင်ခင် နည်းပြဖြစ်သူဆီမြွန်နီအင်ဇာဂီရဲ့ မသေချာမရေလှတဲ့ အနာဂတ်အကြောင်းကို အင်တာမီလန်ကစားသမားတွေအကြား မဆွေးနွေးဖြစ်ခဲ့ဘူးလို့ ဒမ်ဖရီးစ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။
အင်တာမီလန်နောက်ခံလူက ချန်ပီယံလိဂ်ဖိုင်နယ်မတိုင်ခင် အသင်းအဝတ်လဲခန်းထဲမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို Gazzetta Dello Sport နဲ့အင်တာဗျူးတစ်ခုမှာ ရှင်းပြခဲ့တာပါ။ မြူးနစ်မြို့၊ အလိုင်းယန့်ဇ်အရီနာကွင်းအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ပီအက်စ်ဂျီကို အင်တာမီလန်က ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် နည်းပြအင်ဇာဂီကိုယ်တိုင်လည်း အယ်လ်ဟီလယ်နဲ့အတူ မက်မောလောက်စရာ သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးဖို့အတွက် ဆော်ဒီနိုင်ငံဆီ ထွက်ခွာသွားခဲ့ပါတယ်။
အင်ဇာဂီရဲ့အကျိုးသက်ရောက်မှုနဲ့ပတ်သက်လို့ ဒမ်ဖရီးစ်က “ ကျွန်တော်အပါအဝင် လူတိုင်းအတွက် အလွန်ခက်ခဲခဲ့တဲ့ အခြေအနေတစ်ရပ်ပါ။ ကျွန်တော်တို့က အင်ဇာဂီနဲ့ အလွန်ရင်းနှီးခဲ့ပါတယ်။ သူနဲ့အတူ ကျွန်တော်လည်း အင်တာမီလန်ဆီ တစ်ချိန်တည်းရောက်ရှိလာခဲ့ပြီး အရာအားလုံးကို ကျွန်တော်တို့တွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ လေးနှစ်နီးပါးကြာမြင့်လာချိန်မှာတော့ ကျွန်တော်တို့အားလုံး မိသားစုတစ်ခုလို ဖြစ်လာခဲ့ပါတယ်။
ကောလာဟလတွေက ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတွေကို အနှောင့်အယှက်မဖြစ်စေခဲ့ပါဘူး။ ဒါပေမယ့် ဒီသတင်းတွေကိုတော့ ကျွန်တော်တို့ ဖတ်ရှုခဲ့ရတယ်ဆိုတာ ရှင်းလင်းလွန်းပါတယ်။ ကိုယ့်ရဲ့စိတ်ထဲအထိ ရောက်ရှိလာတဲ့ ကောလာဟလတွေ ရှိပေမယ့် ကျွန်တော်တို့အချင်းချင်းကြားမှာ အဲ့ဒီအကြောင်းအရာကို မဆွေးနွေးဖြစ်ခဲ့ပါဘူး။ လူတိုင်းက ဗိုလ်လုပွဲဆီအာရုံစိုက်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အတွေးထဲမှာ ပီအက်စ်ဂျီနဲ့ပွဲစဉ်သာ ရှိခဲ့ပြီး အခြားဘာမှမရှိခဲ့ဘူးဆိုတာ အာမခံပါတယ်။
အင်တာမီလန်ကစားသမားဘဝမှာ ကျွန်တော့်ရဲ့အိပ်မက်က ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်နိုင်ဖို့ပါပဲ။ ဒီတစ်ခုတည်းကိုပဲ မလုပ်နိုင်သေးတာပါ။ ဒီဆုဖလားကြီးကို မီလန်မြို့ဆီသယ်ဆောင်လာပြီး ပရိသတ်များစွာပါဝင်မယ့် လူပင်လယ်ကြီးတစ်ခုနဲ့အတူ အောင်ပွဲခံချင်ပါတယ်”လို့ ပြောပါတယ်။ ဒမ်ဖရီးစ်နဲ့ အင်တာမီလန်က မနက်ဖြန်မနက်အစောပိုင်းမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားအုပ်စုအပိတ်ပွဲစဉ်အဖြစ် ရေးဗားပလိတ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။