
ဂါစီယာနဲ့ ဒီဂျောင်တို့ရဲ့ စာချုပ်သက်တမ်းအခြေအနေတွေကို ပြောကြားလာတဲ့ ဒီကို
ဘာစီလိုနာရဲ့အားကစားဒါရိုက်တာ ဒီကိုက အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အဲရစ်ဂါစီယာနဲ့ ဖရန်ကီဒီဂျောင်တို့ရဲ့ စာချုပ်သက်တမ်းအခြေအနေတွေကို ပြောကြားလာခဲ့ပြီး ကစားသမား ၂ ယောက်စလုံးကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စီစဉ်ထားခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဂါစီယာနဲ့ ဒီဂျောင်တို့ဟာ ဘာစီလိုနာအတွက် အရေးပါတဲ့ကစားသမားတွေအဖြစ် ပါဝင်ကစားထားနိုင်ပြီး နည်းပြဟန်ဆီဖလစ်အတွက် အားကိုးရတဲ့ကစားသမားတွေလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဲရစ်ဂါစီယာဟာ ဘာစီလိုနာကနေ ထွက်ခွာနိုင်ချေရှိတယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ယခုအခါမှာတော့ ဒီကိုက "အဲရစ်က ပြီးခဲ့တဲ့ရာသီက ဂျီရိုနာမှာ အတော်လေးတိုးတက်လာခဲ့တဲ့ကစားသမားပါ။ အခု အသင်းမှာရှိနေတဲ့ အဲရစ်က ကျွန်တော်တို့လိုချင်တဲ့ အဲရစ်ပါပဲ။ အရင်ကထက် အများကြီးရင့်ကျက်လာပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ကစားသမားဖြစ်ပြီး အိုလံပစ်ချန်ပီယံတစ်ယောက်လည်းဖြစ်ပါတယ်။ အသက်-၂၃ နှစ်ပဲရှိသေးပေမယ့် ရင့်ကျက်တဲ့ခြေစွမ်းကို ရရှိနေပါပြီ"
"သူက ကျွန်တော်တို့နဲ့ စာချုပ်သက်တမ်း ၁ နှစ်ပဲကျန်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့အေးဂျင့်နဲ့ ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ထားနိုင်ပါတယ်။ ကျွန်တော်တို့ နည်းနည်းချင်းပဲ ရှေ့ဆက်တိုးသင့်တယ်လို့ထင်ပါတယ်။ ရာသီတစ်ခုအတွင်းမှာ အခိုက်အတန့်တွေကအမျိုးမျိုးရှိလို့ ကစားသမားတစ်ယောက်အနေနဲ့ သူ့ကိုယ်သူ အသင်းအတွက်အရေးပါတယ်လို့ ခံစားရတဲ့အခိက်အတန့်တွေရှိသလို၊ အရေးမပါဘူးလို့ ခံစားရတာတွေလည်းရှိပါတယ်"
"အခုချိန်မှာတော့ သူက ကောင်းမွန်တဲ့အခိုက်အတန့်မှာရောက်ရှိနေပါတယ်။ ဒီပုံစံအတိုင်း ရှေ့ဆက်သွားနိုင်မလားဆိုတာကိုတော့ ကျွန်တော်တို့လည်းမသိပါဘူး။ သူ့အနေနဲ့ ဘာစီလိုနာမှာဆက်နေဖို့ ပိုကောင်းတဲ့အဆင့်အတန်းတစ်ခုကို ဆက်သွားနိုင်မယ်ထင်ပါတယ်။ သူက ကျွန်တော်တို့အတွက် အားကိုးရတဲ့ကစားသမားဖြစ်ပေမယ့် လောလောဆယ်မှာတော့ စာချုပ်သက်တမ်းတိုးဖို့ မစဉ်းစားရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဂါစီယာအပြင် ဒီဂျောင်ကလည်း လာမယ့် ၂၀၂၆ ခုနှစ်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အခုချိန်အထိတော့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးထားတာမျိုးမရှိသေးပါဘူး။ ဒီကိုက "ကျွန်တော့်အတွက်တော့ ဒီဂျောင်က အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ သူက ဘာစီလိုနာရဲ့ ဆုဖလားလက်မဲ့ကာလတွေကို စိတ်ပျက်နေပါတယ်။ ဒါပေမယ့် သူက ဒီလိုဖလားမရတဲ့အခြေအနေတွေကို အသင်းနဲ့အတူဖြတ်သန်းပြီး ဆုဖလားအောင်မြင်မှုတွေပြန်ရဖို့ ကူညီချင်တာမျိုးပါ။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့က ဘာစီလိုနာမှာနေချင်တဲ့ကစားသမားတွေကိုသာမက ဆုဖလားဆာလောင်တဲ့ကစားသမားတွေကိုပါ အသင်းမှာအလိုရှိပါတယ်။ လောလောဆယ်အသင်းမှာလည်း ဒီလိုကစားသမားတွေပဲရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒီဂျောင်ဟာ ဥရောပထိပ်သီးကလပ်တွေရဲ့ ချိတ်ဆက်မှုတွေနဲ့ကြုံတွေ့ထားရပေမယ့် ဘာစီလိုနာမှာပဲ ဆက်လက်ကစားလိုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားထားပါတယ်။သို့သော်လည်း နယ်သာလန်သားအနေနဲ့ အသင်းကစာချုပ်သစ်ချုပ်ဆိုခြင်းမရှိဘူးဆိုရင်တော့ လာမယ့် နွေရာသီမှာပဲ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားရဖွယ်ရှိနေပါတယ်။