အင်္ဂလန်အသင်းယူရိုချန်ပီယံဖြစ်ခဲ့ရင် ဘယ်လိုအောင်ပွဲခံမလဲဆိုတာကို ပြောကြားလိုက်တဲ့ ဒီကလန်ရိုက်စ်
အင်္ဂလန်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်က မိမိတို့အသင်းချန်ပီယံဖြစ်ခဲ့ရင် ဘီယာတစ်ဂျိုက်နဲ့အောင်ပွဲခံဖို့ ပြင်ဆင်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ အခုယူရိုပြိုင်ပွဲတစ်လျှောက် ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပေမယ့် ဖိုင်နယ်ကို ၂ ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ နယ်သာလန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာမှ အကောင်းဆုံး စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာ အင်္ဂလန်ဟာ ယူရိုဖိုင်နယ်အဖြစ် စပိန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်အသင်းက အင်္ဂလန်အသင်းထက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အမှန်တကယ်မှာလည်း စပိန်အသင်းက အခုယူရိုပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ၁၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဂိုးပေါက်တည့်ကန်ချက် ၃၈ ကြိမ် နဲ့ အခွင့်အရေးဖန်တီးနိုင်မှု ၉၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
စပိန်အသင်းအတွက် အခုဖိုင်နယ်ပွဲဟာ ၅ ကြိမ်မှာ ၃ ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အသင်းကြီးတွေဖြစ်တဲ့ ခရိုအေးရှား ၊ အီတလီ ၊ ဂျာမနီနဲ့ ပြင်သစ်တို့ကို ကျော်ဖြတ်လာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းကလည်း တိုးတက်မှုတွေရှိလာပြီး ယူရို ၂၀၂၀ မှာတုန်းက ဖိုင်နယ်မှာ အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်လူ ရိုက်စ်က တကယ်လို့တနင်္ဂနွေနေ့မှာ စပိန်ကို အနိုင်ရခဲ့ရင် ဘီယာတစ်ဂျိုက်နဲ့အောင်ပွဲခံသွားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ဖိုင်နယ်ပွဲမတိုင်ခင်ကတည်းက ကျွန်တော်ပြောထားတာမှတ်မိပါတယ်။ အဲ့ကတည်းက ကျွန်တော့်မှာ ဘီယာရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆုဖလားနဲ့လွဲချော်ခဲ့ပါတယ်။ အခုဖိုင်နယ်မှာတော့ ကျွန်တော်တို့အနိုင်ရခဲ့မယ်ဆိုရင် ဘီယာတစ်ဂျိုက်နဲ့အောင်ပွဲခံသွားမှာပါ။ ကျွန်တော့်နှာခေါင်းကိုတော့ ပိတ်ထားဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အနေနဲ့ အဲ့အနံ့တွေကို မုန်းတာကြောင့်ပါ”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။