The network connection is lost.

Banner Image

လီဗာပူးစတားက သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားလို့ ဒီကလန်ရိုက်စ် အခိုင်အမာဆို

အာဆင်နယ်စတား ဒီကလန်ရိုက်စ်က အာနိုးလ်ဟာ သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောကြားလိုက်ကာ ယူရို ၂၀၂၄ အတွင်း ကွင်းလယ်မှာ ပိုကစားနိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

မူလက အာနိုးလ်ဟာ ညာနောက်ခံလူအဖြစ်ကစားနေတာဖြစ်ပြီး ယူရိုမှာတော့ အင်္ဂလန်အသင်းမှာ ကွင်းလယ်လူအဖြစ် ရိုက်စ်နဲ့ တွဲဖက်ကစားနေတာဖြစ်ပါတယ်။ ဒိန်းမတ်ကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာ အင်္ဂလန်ကွင်းလယ်က ဟန်ချက်မညီတဲ့အပြင် ထိန်းချုပ်နိုင်မှုလည်း ကင်းမဲ့နေခဲ့တာဖြစ်ပါတယ်။

ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေကတော့ အာနိုးလ်ရဲ့ခြေစွမ်းအနေအထားကို ထောက်ပြနေကြပြီး ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းကလည်း ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုက်စ်ကတော့ အာနိုးလ်ဟာ အင်္ဂလန်အသင်းကွင်းလယ်မှာ ကစားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ “အဲ့တာရယ်ရပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက အာနိုးလ်ကွင်းလယ်မှာ တက်ကစားတာကို ဝေဖန်နေကြပါတယ်။ နိုင်ငံရဲ့တစ်ဝက်လောက်က ထရန့်တ်ကို ကွင်းလယ်မှာကစားစေချင်ကြပါတယ်။ အဲ့နောက် သူကွင်းလယ်မှာလည်းကစားရော ခင်ဗျားက မကစားစေချင်တော့ပြန်ဘူး။ ကျွန်တော်တော့ နားမလည်နိုင်ဖြစ်ရပါတယ်။ အင်္ဂလန်အသင်းအင်္ကျီမချွတ်ခင်အထိ ကျွန်တော့်လူတွေကို ကာကွယ်ရမှာပါ။ ထရန့်တ်က ကျွန်တော်မြင်ဖူးသမျှကစားသမားတွေထဲမှာ အကောင်းဆုံးပါ။ အခြားသူတစ်ဦးကို ဒီနေရာမှာမကစားစေချင်ဘူးဆိုရင် မခေါ်ပါနဲ့။ တကယ်လို့ခေါ်ပြီးပြီဆိုရင်လည်း ထောက်ခံမှုလုပ်ပါ။ ဘာလို့လဲဆိုတော့ သူ့မှာ ခြေစွမ်းမကောင်းတဲ့ရက်တွေရှိနိုင်ပါတယ် ကျွန်တော် အခုပြောပါမယ်။ ထရန့်တ်က ကွင်းလယ်မှာ ကစားနိုင်ပါတယ်။ ကျွန်တော် သူဒီလိုမျိုးကစားတာကို အင်္ဂလန်မှာကော လီဗာပူးမှာပါမြင်ဖူးပါတယ်။ သူက တကယ့်မယုံကြည်နိုင်စရာကောင်းတဲ့သူပါ”လို့ ရိုက်စ်က ပြောကြားခဲ့ပါတယ်။

ရိုက်စ်ဟာ အာဆင်နယ်အသင်းနဲ့အတူ ပထမရာသီမှာတင် ခြေစွမ်းကောင်း ပြသနိုင်ခဲ့ပေမယ့်လည်း အင်္ဂလန်အသင်းမှာတော့ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်ခံနေရပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟောင်း လိုင်နီကာက တကယ့်ဆိုးဝါးတဲ့ စွမ်းဆောင်ရည်လို့ ဝေဖန်ခဲ့သလို အလန်ရှီးယား ၊ ဖာဒီနန်နဲ့ မီကာရစ်ချက်စ်တို့ကလည်း ဝေဖန်ခဲ့ကြပါတယ်။

“ကျွန်တော် ဝေဖန်မှုတွေကို စိတ်မပျက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဘောလုံးကိုအချိန်တော်ကြာကစားခဲ့ပြီးပါပြီ။ အဲ့တာက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဒီအရာတွေကို စိတ်မပျက်ပါဘူး။ သူတို့အမြင်ကို သူတို့ပြောတာဖြစ်ပြီး သူတို့က တီဗွီကနေ သူတို့လိုချင်တာကိုပြောနေတာပါ။ အချို့ကို ကျွန်တော်အပြင်မှာသိပါတယ်။ သူတို့က တကယ်ကောင်းတဲ့သူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ပြောသလို သူတို့လည်း ဖိနပ်တွေနဲ့ကန်ဖူးပါတယ်”လို့ ရိုက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

စွမ်းဆောင်ရည်ကျဆင်းနေပေမယ့် အင်္ဂလန်ဟာ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့ အခြေအနေကောင်းနေဆဲဖြစ်ကာ ဆလိုဗေးနီးယားကို သရေကန်နိုင်မယ်ဆိုရင် နောက်တစ်ဆင့်ကိုတက်နိုင်မှာဖြစ်ပါတယ်။