The network connection is lost.

Banner Image

နှစ်နာရီကြာ ပွဲချိန်ရပ်နားထားရမှုအတွက် စိတ်ပျက်ညည်းတွားခဲ့တဲ့ ချဲလ်ဆီးနည်းပြမာရက်စ်ကာ

ပွဲစတင်ချိန်မှ ပွဲပြီးဆုံးချိန်အထိ လေးနာရီကျော်ကြာမြင့်ခဲ့တဲ့ ဘင်ဖီကာနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အတွက် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပေမယ့် သူ့အသင်းရဲ့စွမ်းဆောင်ရည်ကိုတော့ ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာလော့မြို့မှာကစားတဲ့ပွဲစဉ်ရဲ့ အချိန်ပိုပွဲချိန်အတွင်း ချဲလ်ဆီးက ကစားသမားတစ်ဦး ထုတ်ပယ်ခံထားရတဲ့ ဘင်ဖီကာကို ၄-၁ ဂိုးဖြင့် အနိုင်ယူကာ ပါမီးရက်စ်နဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားပါတယ်။
သာမန်မိနစ် ၉၀ ပွဲကစားချိန်ပြီးဆုံးဖို့ လေးမိနစ်သာလိုအပ်တော့ချိန်အထိ ရီစီဂျိမ်းစ်ရဲ့ဖရီးကစ်သွင်းဂိုးနဲ့ ချဲလ်ဆီးတို့ဦးဆောင်ထားချိန် ကွင်းလယ်ဒိုင်က ရာသီဥတုအခြေအနေဆိုးရွားလာမှုကြောင့် ကစားသမားတွေကို ကွင်းတွင်းမှထွက်ခွာရန် အချက်ပြလာခဲ့ပါတယ်။

လျှပ်စီးလက်ခြင်း၊ မိုးကြိုးမုန်တိုင်းတစ်ခုကျရောက်ခြင်းနဲ့အတူ နှစ်နာရီခန့်ရပ်နားပြီးနောက် ပွဲစဉ်ကို ပြန်လည်စတင်လာရာ ဂတ်စတိုရဲ့လက်ထိဘောမှတဆင့်ရရှိလာတဲ့ ပယ်နယ်တီအခွင့်အရေးကို ဒီမာရီယာက ဘင်ဖီကာအတွက် ချေပဂိုးအဖြစ် ပြောင်းလဲပေးပြီး အချိန်ပိုမိနစ် ၃၀ ဆက်ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။ အချိန်ပိုစတင်လာချိန်မှာပဲ တိုက်စစ်မှူးပရီစတီယန်နီ ထုတ်ပယ်ခံရမှုနဲ့အတူ အန်ကွမ်ကူ၊ နက်တို၊ ဒျူဘူရီဟောလ်တို့ရဲ့သွင်းဂိုးတွေကိုပါ ခွင့်ပြုပေးရလို့ ဘင်ဖီကာတို့ ပေးဆပ်မှုကြီးမားသွားခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ ချဲလ်ဆီးက အနိုင်ရလဒ်နဲ့အတူ ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။

မာရက်စ်ကာက “ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော့်အတွက်ဆိုရင် ဒီစွမ်းဆောင်ရည်ပိုင်းက ထိပ်တန်းအဆင့် ဖြစ်ခဲ့ပါတယ်။ သူတို့တွေက ပွဲစဉ်ကိုရပ်နားပစ်ခဲ့ပြီး နောက်ပိုင်းမှာ လုံးဝကွဲပြားခြားနားသွားတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာပါတယ်။ ပွဲစဉ်နဲ့ တစ်နာရီကျော်လောက်အဆက်ပြတ်သွားမယ်ဆိုရင် အရာရာတိုင်းက မလွယ်ကူတော့ပါဘူး။ 1-1 ဖြစ်သွားပြီး ကျွန်တော်တို့ ပွဲကို ဆက်ကစားရပါတယ်။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုပါ။ ကျွန်တော်တို့တွေ ပြိုင်ပွဲရဲ့နောက်ဆုံးရှစ်သင်းအဆင့်ဆီ ရောက်ရှိသွားလို့ အလွန်ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

ဘင်ဖီကာရရှိခဲ့တဲ့ပယ်နယ်တီအခွင့်အရေးကို ခွင့်ပြုသင့်တယ်လို့ ခံစားမိသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ မာရက်စ်ကာက “ စည်းမျဉ်းအရ ဒါက ပြစ်ဒဏ်ကျူးလွန်မှု မဟုတ်ပါဘူး။ ဘင်ဖီကာရရှိသွားတဲ့ပယ်နယ်တီက ပြစ်ဒဏ်ဘောမဟုတ်တဲ့ ဖရီးကစ်ကန်ချက်မှတဆင့် ပေါ်ပေါက်လာတာပါ။ လက်ထိဘောဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ပြစ်ဒဏ်ဘောကိုတော့ ခွင့်မပြုပေးသင့်ပါဘူး။

တခါတရံ ဒိုင်လူကြီးနဲ့ပတ်သက်ပြီး ကိုယ်တွေးမိတဲ့အရာကို ထုတ်မပြောတာ ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီနေ့ပွဲစဉ်မှာ အနိုင်ရလဒ်နဲ့ထိုက်တန်နေလို့ ဖြစ်ပါတယ်။ ဒိုင်လူကြီးအကြောင်းထက် အသင်းအကြောင်းပြောတာ ပိုကောင်းပါတယ်။ အခုတော့ ကစားသမားတွေ ခွန်အားဖြည့်တင်းပြီး နောက်ပွဲစဉ်အတွက် ရှေ့ဆက်သွားနိုင်ဖို့ပဲ လိုအပ်ပါတော့တယ်”လို့ တုံ့ပြန်ပါတယ်။