
ယူနိုက်တက်ရဲ့ အကြီးစားပရိသတ်တစ်ဦးအဖြစ်ကြီးပြင်းခဲ့ရကြောင်း ဖွင့်ဟလာတဲ့ အမ်ဘွေမို
ဘရန့်ဖို့ဒ်မှ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း+အပိုဆုကြေးပေါင် ၆ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုက သူဟာ ယူနိုက်တက်ရဲ့အကြီးစားပရိသတ်တစ်ဦးဖြစ်ကြောင်းနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ရဲ့စံပြကစားသမားဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမ်ဘွေမိုကို ခေါ်ယူဖို့ ဘရန့်ဖို့ဒ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အချိန်အတော်ကြာပြုလုပ်ခဲ့ရပြီးယခုအခါမှာတော့ ၂၀၃၀ ခုနှစ်အထိ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။ အမ်ဘွေမိုက ယူနိုက်တက်ဟာ သူပြောင်းရွှေ့နိုင်ဖို့ အမြဲအိပ်မက်မက်နေခဲ့ရတဲ့ အသင်းဖြစ်တယ်လို့ဆိုပါတယ်။
ကင်မရွန်းလက်ရွေးစင်က "မန်ချက်စတာယူနိုက်တက်က ကြီးမားတဲ့အသင်းတစ်သင်းပါ။ဂ ကျွန်တော်ဒီကိုပြောင်းရွှေ့နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအသင်းက ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းဖြစ်ပါတယ်။ ပရိသတ်တွေက မယုံနိုင်စရာကောင်းသလို၊ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးကလည်း အံ့မခန်းပါပဲ။ ဘယ်ကစားသမားမဆို ဒီမှာကစားချင်မယ်လို့ထင်ပါတယ်"
"ကျွန်တော့်ဘဝမှာ ပထမဆုံးဝတ်ဆင်ခဲ့တဲ့ ဘောလုံးဂျာစီက ရော်နယ်ဒိုနာမည်ပါတဲ့ ယူနိုက်တက်ဂျာစီဖြစ်ပါလိမ့်မယ်။ ဒီကိုပြောင်းရွှေ့နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးအမ်ဘွေမိုက သူဟာ ရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ကို စံပြကစားသမားတွေအဖြစ် သတ်မှတ်ထားခဲ့သလို၊ နေမာနဲ့ အီဒင်ဟာဇက်တို့ကိုလည်း သဘောကျတယ်လို့ဆိုပါတယ်။
အမ်ဘွေမိုက "ဒီကိုရောက်လာတာ ကျွန်တော့်အတွက် အရေးကြီးပါတယ်။ အသင်းဖော်အသစ်တွေနဲ့ ချိတ်ဆက်မှုတွေပြုလုပ်သွားဖို့လိုအပ်ပါတယ်။ ကွင်းထဲမှာပဲမဟုတ်ဘဲ ကွင်းပြင်ပမှာလည်း အားလုံးနဲ့ ချိတ်ဆက်သွားပါမယ်။ အသင်းနဲ့ တတ်နိုင်သလောက်အမြန်ဆုံး ပေါင်းစည်းနိုင်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အမ်ဘွေမိုဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့တာကြောင့် ဘရန့်ဖို့ဒ်နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ဦးဆောင်နေတဲ့ တော့တင်ဟမ်ကလည်း ကင်မရွန်းသားကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။သို့သော်လည်း အမ်ဘွေမိုဟာ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တာကြောင့် ယူနိုက်တက်က ကစားသမားကို အမိအရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။