The network connection is lost.

Banner Image

ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာပြောကြားလာတဲ့ ဒီဇာဘီ

ဘရိုက်တန်အသင်းနည်းပြ ရော်ဘတ်တိုဒီဇာဘီက ရိုးမားကို ရှုံးနိမ့်ကာ ယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် နောက်ရာသီမှာလည်း ဥရောပဝင်ခွင့်ထပ်မံရရှိဖို့အတွက် ကျန်ရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တိုက်ပွဲဝင်သွားဦးမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ဘရိုက်တန်ဟာ ပြီးခဲ့တဲ့အပတ်က ရိုးမားကို ၄-၀ နဲ့ဂိုးပြတ် အရေးနိမ့်ခဲ့တာကြောင့် ယခုအိမ်ကွင်းပွဲစဉ်မှာ ၁-၀ နဲ့အနိုင်ရခဲ့သော်လည်း ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ ဘရိုက်တန်အတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ဝဲလ်ဘတ်က တကိုယ်တော်အစွမ်းနဲ့ သွင်းယူပေးခဲ့တာဖြစ်သော်လည်း နောက်တစ်ဆင့်တက်ဖို့အတွက်တော့ မလုံလောက်ခဲ့ပါဘူး။

ပွဲအပြီးမှာ ဒီဇာဘီက “ဒီနေ့ ကျွန်တော်တို့ စစ်မှန်တဲ့ဘရိုက်တန်ကို မြင်တွေ့ခဲ့ရပြီး ဂုဏ်ယူစရာ ကစားပုံကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော့်စိတ်ကြိုက်ကစားသမား ၁၁ ယောက်ကို ကွင်းထဲမှာမြင်တွေ့ခွင့်ရခဲ့လို့ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အဝေးကွင်းမှာ ၄-၀ နဲ့ရှုံးနိမ့်ခဲ့တာက ကစားသမားတွေ အတွက် နာကျင်စရာပါပဲ။ နောက်ထပ်တစ်ကြိမ် ဥရောပဝင်ခွင့်အတွက် ကျွန်တော်တို့မှာ လိဂ်ပွဲ ၁၀ ပွဲ ကျန်ရှိနေသေးပြီး ပွဲစဉ်တိုင်းမှာ တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ယူရိုပါလိဂ်သမိုင်းတစ်လျှောက်မှာ ပထမအကျော့မှာ ၄-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ အသင်းတွေဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခြင်းမရှိသေးဘဲ ဘရိုက်တန်အနေနဲ့လည်း ၄-၀ ဆိုတဲ့ရလဒ်ကို ငြင်းဆန်နိုင်တဲ့ စူပါပါဝါမျိုးပိုင်ဆိုင်ထားခြင်းမရှိပါဘူး။

ဆက်လက်ပြီး ရိုးမားနည်းပြ ဒီရော့စီကလည်း “ဘရိုက်တန်က ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ပြီး ခက်ခက်ခဲခဲကြိုးစားခဲ့ကြပါတယ်။ သူတို့ သန်မာတဲ့ကစားပုံနဲ့ ပွဲကိုချဉ်းကပ်ခဲ့ကြပြီး ပထမအကျော့က ရလဒ်ကို ချေဖျက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တိုက်ခိုက်ဖို့အမြဲတမ်းအသင့်ရှိနေခဲ့ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ ဂိုးသွင်းယူခဲ့ပေမယ့် ခွင့်မပြုခဲ့လို့ နစ်နာခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။