The network connection is lost.

Banner Image

ဒီဘရိုင်းကိုယ်တိုင်လည်း နာပိုလီမှာ ထူးထူးခြားခြားလုပ်ပြနိုင်မယ်ဆိုတာကို သိရှိထားကြောင်း ဒီလော်ရန်းတစ်ပြောဆို

နာပိုလီအသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်က လော်ရန်ဇိုလူကာနဲ့ ဆမ်ဘူကီမာတို့ရဲ့အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှု အတော်လေးလျင်မြန်ခဲ့သလို နာပိုလီမှာ ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ဒီဘရိုင်းကိုယ်တိုင်သိရှိထားကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

နာပိုလီအသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုအစီအစဉ်ကို အခုသီတင်းပတ်အတွင်း ဖွင့်လှစ်ခဲ့ပြီးနောက် ဒီလော်ရန်းတစ်က Sky Sport Italia နဲ့အင်တာဗျူးအစီအစဉ်မှာ အခုနွေရာသီကာလ၊ ကစားသမားသစ်ခေါ်ယူမှုအချို့အကြောင်း ရှင်းပြသွားခဲ့ပါတယ်။ 

နာပိုလီအသင်းဥက္ကဋ္ဌက “ ဒီနေ့မနက်ပိုင်းမှာပဲ လူကာနဲ့ ကျွန်တော်တို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူက အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးစတင်နိုင်ပါပြီ။ ဒီညနေပိုင်းမှာတော့ ဘူကီမာလည်း ရောက်ရှိလာပါလိမ့်မယ်။ သူ့ကိုလည်း ဆေးစစ်ပြီးပါပြီ။ ကစားသမားသစ်တစ်ဦးရောက်ရှိလာချိန်တိုင်း ဆေးစစ်မှုမပြီးခင်အထိ ကျွန်တော် အမြဲလိုလိုစိတ်လှုပ်ရှားနေလေ့ ရှိပါတယ်။

အပြောင်းအရွှေ့အတွက် လမ်းကြောင်းမှန်ပေါ်ရောက်ရှိဖို့ သီတင်းပတ်ပေါင်းများစွာ အချိန်ယူရပေမယ့် ညှိနှိုင်းဖို့အတွက် အမှန်တကယ်လုပ်ဆောင်ရမှုကတော့ လျှင်မြန်ခဲ့ပါတယ်။ကစားသမားတစ်ဦးကို လိုချင်နေတယ်ဆိုရင် ဒီကစားသမားအတွက်ကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်ကြည့်လိုက်ပါ။ ဒါဆိုရင် အချိန်အများကြီးမကြာတော့ပါဘူး”လို့ ပြောပါတယ်။

နာပိုလီအတွက် အကြီးမားဆုံးကစားသမားသစ်ခေါ်ယူမှုကတော့ မန်စီးတီးမှာ ဆယ်စုနှစ်တစ်ခုကြာ တောက်ပပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးလာတဲ့ ဒီဘရိုင်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မှု ဖြစ်ပါတယ်။ ဒီလော်ရန်းတစ်က “ ဒီဘရိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်သဘောကျမိတဲ့အချက်က သူ့ရဲ့အာရုံစူးစိုက်မှုနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုပဲ ဖြစ်ပါတယ်။ သူက အနာဂတ်ကို တည့်တည်ရှုမြင်တတ်ပြီး ကွင်းတွင်းဝင်ရောက်လာချိန်မှာလည်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာ သူကိုယ်တိုင် သိရှိထားပါတယ်။ သူက ဒီအသင်းရဲ့ကွင်းလယ်ပိုင်းအတွက် မတူကွဲပြားမှုတွေကို လုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်။

ကျွန်တော်ခေါ်ယူခဲ့တဲ့ ကစားသမားသစ်အားလုံးအတွက် ပျော်ရွှင်ကျေနပ်မိတယ်လို့ပဲ ပြောရပါမယ်။ ဂျီယိုဗန်နီမန်နာဆိုရင်လည်း အရမ်းကောင်းတဲ့ခေါ်ယူမှုတစ်ခုအဖြစ် အရည်အချင်းပြည့်မီပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းတော်တဲ့ အားကစားဒါရိုက်တာတစ်ဦးဖြစ်ပြီး ဘောလုံးအကြောင်းကိုလည်း ကောင်းကောင်းသိပါတယ်။

နောက်ပြီး ကျွန်တော်တို့မှာ ကွန်တီလို အမှားအယွင်းမရှိ လုပ်နိုင်ကိုင်နိုင်သူတစ်ဦးလည်း ရှိပါတယ်။ ကစားသမားတစ်ဦးအနေနဲ့ ကွန်တီရဲ့ပူးပေါင်းဆောင်ရွက်မှု ကို လိုလိုလားလားလက်ခံလိုက်မယ်ဆိုရင် အဲ့ဒီကစားသမားကိုယ်တိုင်လည်း ဒီနည်းပြဟာ သူ့ကို ပိုပြီးကောင်းမွန်လာအောင် လုပ်ပေးလိမ့်မယ်ဆိုတာ အပြည့်အဝသိရှိသွားပါလိမ့်မယ်”လို့ ပြောပါတယ်။