ဘာစီလိုနာကနေထွက်ခွာဖို့ ပြောဆိုမှုတွေရှိနေပေမယ့် လက်ရှိအချိန်ကိုသာ အာရုံစိုက်ထားတဲ့ ဒီဂျောင်
ဒဏ်ရာကြောင့် ၅ လတာ အနားယူပြီး အောက်တိုဘာလအတွင် ပြန်ကောင်းလာကတည်းက နယ်သာလန်နိုင်ငံသားဟာ ခြေစွမ်းတည်ငြိမ်ဖို့အတွက် ရုန်းနေရတာဖြစ်ပါတယ်။ အသင်းဖော်တော်တော်များများက နူးကမ့်မှာစာချုပ်သစ်တွေချုပ်နေကြပေမယ့် ဒီဂျောင်ရဲ့လက်ရှိစာချုပ်က လာမယ့်ရာသီကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ဒါရိုက်တာဟောင်း ပလန်နက်စ်က ဒီဂျောင်ကို သူ့ရဲ့ဆော်ဒီက အယ်လ်အစ်သီဟက်ထံ ပြောင်းရွှေ့ခေါ်ယူလိုနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဗလင်စီယာအား ၇-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းရာ "ကျွန်တော် ဘာစီလိုနာမှာ အဆင်ပြေနေပါတယ်။ လက်ရှိအတွက်ကိုသာ အာရုံစိုက်ထားပြီး အားလုံးအတွက်တော့ အချိန်ဆိုတာရှိသွားမှာပါ" လို့ ဖြေပါတယ်။
အသင်းခေါင်းဆောင် ဒီဂျောင်ဟာ ဘာစီလိုနာအတွက် ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကလည်း ဗလင်စီယာကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ရာသီဝက်ကတည်းက နယ်သာလန်နိုင်ငံသားဟာ ဘာစီလိုနာရဲ့ ၇ ပွဲတွင် ၆ ပွဲအထိ ကစားပေးထားပြီး အဲ့ဒီထဲက ၃ ပွဲမှာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။
"ခရစ္စမတ်အားလပ်ရက်ပြီးကတည်းက ကျွန်တော့်ခံစားချက်ကောင်းနေတာပါ။ ကျွန်တော်ဟာ ၁၀၀% ကြံ့ခိုင်နေပြီး သက်သေပြရမှာလည်းဖြစ်သလို ကစားဖို့လည်းထိုက်တန်ပါတယ်" "ဂိုးသွင်းပြီးနောက် အရမ်းကိုပျော်ခဲ့ပြီး နိုင်ပွဲရရှိခဲ့တဲ့အပေါ်လည်း ပျော်ပါတယ်" လို့ ဒီဂျောင်က ပြောပါတယ်။ ဗလင်စီယာကိုနိုင်ခဲ့တာကြောင့် လာလီဂါမှာ ၄ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နှင့် ၇ မှတ်ကွာအနေအထားသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။
နိုင်ပွဲရရှိခဲ့ပေမယ့် ဟူဂိုဒူရိုရဲ့ ချေပဂိုးကြောင့် ဖလစ်ရဲ့အသင်းဟာ clean sheet မရရှိတာက ၁၀ ပွဲအထိ ရှိသွားပြီဖြစ်ပါတယ်။
"ကျွန်တော်တို့က ဂိုးတွေ အများကြီးသွင်းတဲ့အသင်းပါ၊ နောက်ပြီး ကောင်းကောင်းလည်း တိုက်စစ်ဆင်ပါတယ်။ ဒါကို ဆက်ထိန်းထားဖို့လိုပါတယ်။ နောက်ပွဲတွေမှာလည်း clean sheet ရရှိဖို့လုပ်ရမှာပါ" "ဗလင်စီယာဆိုတာကလည်း ညံ့တဲ့အသင်းမဟုတ်ပါဘူး။ သူတို့မှာ ကောင်းတဲ့စုဖွဲ့မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ကလည်း ချီးကျူးဖို့အတွက် ထိုက်တန်ပါတယ်။ ကျွန်တော်တို့က နောက်ထပ်နိုင်ပွဲတွေရရှိဖို့အတွက် အာရုံစိုက်သွားရမှာဖြစ်ပါတယ်" လို့ ဒီဂျောင်က ပြောပါတယ်။