ကစားသမားဘ၀ အနားယူဖို့အကြောင်း ပြောဆိုဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဒီဘရိုင်း
စနေနေ့ရဲ့အခိုက်အတန့်လေးတစ်ခုမှာ ဘယ်လ်ဂျီယံကွင်းလယ်ဗိုလ်ချုပ် ဒီဘရိုင်းက နိုင်ငံ့လက်ရွေးစင်အသင်းမှ ထွက်ခွာမယ့်အချိန်နဲ့ပတ်သက်လို့ အကောင်းဆုံးပုံစံဖြင့်ထွက်ခွာသွားမယ်လို့ ပြောဆိုလိုက်မှုနဲ့အတူ သူ့ရဲ့နိုင်ငံကို တုန်လှုပ်ခြောက်ခြားသွားအောင် လုပ်ဆောင်သွားမယ့်ပုံစံ ပေါ်နေခဲ့ပါတယ်။
ရိုမေးနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စုပွဲစဉ်အတွင်း လက်ရွေးစင်ကစားသမားဘ၀ ၂၈ ဂိုးမြောက်ကို သွင်းယူပေးခဲ့သလို အသင်းရဲ့ယူရိုအိပ်မက်အတွက် အရေးပါဆုံးအခိုက်အတန့်မှာ ခြေစွမ်းပြပါဝင်ကစားပေးခဲ့ပြီးနောက် ဒီဘရိုင်းအတွက် လက်ရွေးစင်ကစားသမားဘ၀ အနားယူဖို့ ကြေညာရန် အချိန်အခါကောင်း ဖြစ်လာခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့အကောင်းဆုံးကစာသမားဆုရရှိခဲ့တဲ့ ဘယ်လ်ဂျီယံကပ္ပတိန်က “ ကျွန်တော် အသင်းမှထွက်ခွာသွားချိန်မှာ ကျန်ရစ်ခဲ့သူတွေအတွက် အကောင်းဆုံးအရာတွေကိုပဲ ချန်ထားချင်ပါတယ်”လို့ ပြောဆိုလိုက်ပါတယ်။
သူ့ရဲ့စကားအပြီးမှာ မီဒီယာတွေအကြား အုတ်အော်သောင်းတင်းဖြစ်ပွားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ဒီဘရိုင်းက ရှင်းလင်းပြောဆိုလိုက်ပါတယ်။ သူက “ လူငယ်ကစားသမားလေးတွေ အများကြီး အသင်းဆီဝင်ရောက်လာတယ်ဆိုတဲ့ အချက်ကို ကျွန်တော်ပိုပြီးတွေးနေမိခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီအသင်းအတွက် ဆယ်စုနှစ်တစ်ခုလောက် ကစားပေးနေခဲ့ပြီး လူငယ်ကစားသမားလေးတွေနဲ့ အတွေ့အကြုံတွေ မျှဝေပေးနေခဲ့ပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်ကြီး ဘယ်တော့လောက်အဆုံးသတ်ရမလဲဆိုတာ တကယ်ကို မစဉ်းစားရသေးပါဘူး။
ဘယ်အချိန်မှာ အနားယူရမလဲဆိုတာ (သို့မဟုတ်) ကိုယ့်ရဲ့အနာဂတ်ကို တွေးတောနေရတာမျိုး တကယ်မကြိုက်ပါဘူး”လို့ ဆိုပါတယ်။
ဘယ်လ်ဂျီယံက ရိုမေးနီးယားနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပွဲအစ ၇၃ စက္ကန့်မှာတင် တိုင်လီမန်းစ်ရဲ့သွင်းဂိုးဖြင့် ပြိုင်ဘက်ကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီနောက် သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ၁၀ မိနစ်အလိုမှာ ဒီဘရိုင်းက အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။
သူ့ရဲ့သွင်းဂိုးနဲ့ပတ်သက်လို့ ဒီဘရိုင်းက “ ကျွန်တော်တို့တွေ ဖိအားတွေအောက် ကြီးကြီးမားမား ရောက်ရှိသွားခဲ့ပြီး ဒီဖိအားတွေကို ဖယ်ရှားပစ်ချင်ခဲ့ပါတယ်။ ကျွန်တော်လုပ်ရမယ့်အရာအားလုံးကို ဒီဘောလုံးထိချက်နဲ့အတူ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဘယ်လ်ဂျီယံနည်းပြတီဒက်စ်ကိုကလည်း ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ သူ့ရဲ့အသင်းခေါင်းဆောင်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
တိုဒက်စ်ကိုက “ လူတိုင်းကလည်း သူအခုလောက်အထိ ဘယ်တုန်းကမှမပျော်ရွှင်ခဲ့ဘူးလို့ ပြောကြပါတယ်။ အလွန်အပေါင်းလက္ခဏာဆောင်ပါတယ်။ ခင်ဗျားတို့လည်း ဒါကို ခံစားမိနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီလိုခံစားချက်မျိုးနဲ့ ကွင်းထဲမှာ ကောင်လေးတွေရှိနေဖို့က အလွန်အရေးကြီးပါတယ်”လို့ ပြောပါတယ်။