The network connection is lost.

Banner Image

တော့တင်ဟမ်ရဲ့အကောင်းဆုံးကစားသမားကိုရွေးချယ်ရာမှာ ဗန်ဒီဗန်ကို ဖယ်ထုတ်ခဲ့တဲ့ ဒေးဗစ်မိုရက်စ်

ယမန်နေ့ညပိုင်း၊ တော့တင်ဟမ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အခုရာသီအတွက် ပထမဆုံးအိမ်ကွင်းရှုံးပွဲကို အဲဗာတန်တို့ ပိုင်ဆိုင်သွားခဲ့ပါတယ်။ တဖက်မှာလည်း အခုနိုင်ပွဲကြောင့် တော့တင်ဟမ်က ပရီမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းဆီ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ အခုပွဲစဉ်မှာ တော့တင်ဟမ်အတွက် ဗန်ဒီဗန်ကိုယ်တိုင် နှစ်ဂိုးအထိသွင်းယူပေးခဲ့ပေမဲ့ အဲဗာတန်နည်းပြဒေးဗစ်မိုရက်စ်ကတော့ ခံစစ်မှူးထက် စွမ်းဆောင်ရည်ပိုင်းပိုကောင်းတဲ့ မြောက်လန်ဒန်စတားတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်အသင်းအတွက် မယုံကြည်နိုင်ဖွယ် အဝေးကွင်းမှတ်တမ်းကောင်းတွေ ဆက်လက်ထိန်းသိမ်းထားချိန်မှာပဲ ဒေးဗစ်မိုရက်စ်ကတော့ အံ့အားသင့်ဖွယ်ဂိုးပေါက်ကာကွယ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမားဗီကာရီယိုကို ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ပွဲစဉ်အပြီး BBC နဲ့တွေ့ဆုံချိန် မိုရက်စ်က “ သူတို့အသင်းဂိုးသမားက သူတို့ရဲ့အကောင်းဆုံးကစားသမား ဖြစ်နိုင်ပါတယ်။ ဒီဂိုးသမားက ထောင့်ကန်ဘောတွေကို အလွန်ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ လိုအပ်နေတဲ့သွင်းဂိုးတွေကိုတော့ မရှာဖွေနိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။

အလားတူ အဲဗာတန်အသင်းခေါင်းဆောင်တာကောစကီးကလည်း အီတာလျံဂိုးသမားရဲ့ကာကွယ်မှုတွေကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ဗီကာရီယိုရဲ့ဂိုးပေါက်ကာကွယ်မှုတွေသာ မရှိခဲ့ရင် အဲဗာတန်တို့ ပထမပိုင်းပွဲချိန်အတွင်းမှာတင် ပြိုင်ဘက်ကို ဦးဆောင်ထားနိုင်မယ်လို့ တာကောစကီးက ရှင်းပြခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် တာကောစကီးက “ အလွတ်တည်ကန်ဘောနှစ်ကြိမ်နဲ့အတူ သူတို့တွေ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုအလွတ်တည်ကန်ဘောတွေကို ကြိုးစားအာရုံစိုက်ပြီး ခုခံကာကွယ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါကပဲ သူတို့အတွက် နိုင်ပွဲတစ်ခု ဖြစ်စေခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့တွေ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပေမဲ့ ဝ-၂ ဂိုးဆိုတဲ့ ရလဒ်အထိ ဖြစ်သွားပါတယ်။ ဒါက တော့တင်ဟမ်အတွက် အကောင်းဆုံးမဖြစ်သေးချိန်မှာတောင် ထိပ်ဆုံးမှာရှိနေသလို ခံစားရစေပါတယ်။
ဒုတိယပိုင်းပွဲချိန်မှာလည်း ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ သူတို့အသင်းဂိုးသမားက အကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။ 

ကျွန်တော်တို့တွေ တိုက်စစ်ဖွင့်ကစားခဲ့လို့ ခံစစ်ပိုင်းမှာလည်း လစ်ဟာခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ဆုံးမှာတော့ ကျွန်တော်တို့ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ခက်ခဲတဲ့နေ့ရက်တစ်ခု ဖြစ်လာပါတယ်”လို့ ပြောပါတယ်။