
မိနစ် ၉၀ ပြည့်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလာတဲ့ ရီးရဲလ်စတား
ရီးရဲလ်စတား အလာဘာကတော့ သူ့အနေနဲ့ မိနစ် ၉၀ ပြည့်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ကာ အလွန်ဆိုလက်အောက်မှာ သက်သေပြချင်နေပါတယ်။ အသက် ၃၂ နှစ်သားဟာ မကြာသေးခင်တုန်းက အသင်းကနေထွက်ခွာဖို့ သတင်းကြီးခဲ့တာဖြစ်ပါတယ်။ အလာဘာက အဆိုပါသတင်းတွေကို အဖတ်မလုပ်ပဲ သူ့အနေနဲ့ ပြန်လည်စတင်နိုင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
ဘိုင်ယန်စတားဟောင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူရတာများပြီး အလွန်ဆိုလက်အောက်မှာ ပထမဆုံးပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။အလာဘာရဲ့ရီးရဲလ်အခြေအနေက ရှုပ်ထွေးခဲ့သလို ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးနေရတာဖြစ်ပါတယ်။ ၂၀၂၁ နှစ်လယ်ပိုင်းကတည်းက အလာဘာဟာ ဒဏ်ရာတွေကြောင့် ပွဲအနည်းငယ်လောက်သာ ကစားခွင့်ရခဲ့ပါတယ်။
၂၀၂၃ ဒီဇင်ဘာမှာတော့ အရွတ်ကြောဒဏ်ရာကြောင့် အချိန် ၁ နှစ်ကျော်လောက်နားခဲ့ရပါတယ်။ အဲ့ကတည်းက ကြွက်သားဒဏ်ရာ ၊ ဒူးဒဏ်ရာအပါအဝင် ဒဏ်ရာတွေများနေခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုဟာ ဘိုင်ယန်မှာတုန်းက အလာဘာနဲ့တွဲကစားဖူးတာဖြစ်ပြီး သူ့အတွက် ကွင်းလယ်မှာထားကစားလာနိုင်ချေရှိနေပါတယ်။ သြစတြီးယားသားဟာ ဘိုင်ယန် နဲ့ နိုင်ငံအသင်းမှာ အဆိုပါနေရာမှာကျွမ်းကျင်အောင်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။
နည်းစနစ်ပိုင်းအပြောင်းအလဲကြောင့် အလာဘာအနေနဲ့ နေရာရလာဖွယ်ရှိနေကာ ပထမဆုံး ၃ ပွဲကို အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။ “ကျွန်တော် ခံစားချက်အရမ်းကောင်းနေပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း တိုးတက်လာခဲ့ပါတယ်။ ကျွန်တော် အခုချိန်မှာနိုင်ငံအသင်းအတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားပေးနိုင်တော့မှာပါ။ အဲ့တာက သေချာလားဆိုတာမသိသေးပေမယ့် လာမယ့်ပွဲအနည်းငယ်မှာတော့ သိလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက ကျွန်တော်ကစားဖို့အဆင်သင့်ဖြစ်နေတဲ့အခြေနေကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။
နောက်တစ်ဆင့်က ပွဲတွေကစားနိုင်ဖို့ပါ။ ကျွန်တော့်ပစ်မှတ်က ကွင်းထဲမှာ ပွဲတွေကစားနိုင်ဖို့ပါ။ ကျွန်တော့်ခရီးရှည်ကြီးက လုံလောက်နေပါပြီ။ သတင်းအမှားတွေကလည်း ထွက်နေကြပါ။ ကျေးဇူးတင်ရမှာက သူတို့သတင်းတွေက အလုပ်မဖြစ်တာပါ”လို့ အလာဘာက ပြောကြားခဲ့ပါတယ်။ အလာဘာအနေနဲ့ လာမယ့်ကလပ်ပွဲတွေမှာ ကွင်းလယ်ခံစစ်နေရာမှာ ကစားရဖို့များနေပြီး လက်ရှိမှာတော့ နိုင်ငံအသင်းအတွက်ကစားပေးဖို့ ပြင်ဆင်နေပါတယ်။