The network connection is lost.

Banner Image

ခက်ခဲကြမ်းတမ်းတဲ့ကာလတစ်ခုကို ဖြတ်သန်းနေရတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်တဲ့ ဒါဝင်နူနက်ဇ်

ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွင်း လီဗာပူးအတွက် နှစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဒါဝင်နူနက်ဇ်က ခက်ခဲကြမ်းတမ်းတဲ့ကာလတစ်ခုကို ကိုယ်တိုင်ဖြတ်သန်းနေရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။သောမတ်စ်ဖရန့်ခ်ရဲ့အသင်းက စုစည်းမှုရှိတဲ့ ခံစစ်ပိုင်းကစားပုံကို ပြသနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပွဲချိန်တလျှောက်လုံး ဂိုးပေါက်ခြိမ်းခြောက်မှု ၃၇ ကြိမ်အထိ ပြုလုပ်ခဲ့တဲ့ ကြိုးကြာနီတွေရဲ့ မဆုတ်မနစ်ဖိအားပေးမှုအောက်မှာ အရှုံးပေးခဲ့ရပါတယ်။ ဒါဝင်နူနက်ဇ်ကိုယ်တိုင်လည်း နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးတွေနဲ့အတူ လီဗာပူးအသင်းအတွက် ဟီးရိုးတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ဒါဝင်နူနက်ဇ်က သူ့ရဲ့ညံ့ဖျင်းလွန်းလှတဲ့ အဆုံးသတ်ပိုင်းစွမ်းဆောင်ရည်ကြောင့် လတ်တလောသီတင်းပတ်တွေအတွင်း ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဥရုဂွေးသားက ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်သွင်းဂိုးတွေမတိုင်ခင် အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၂၆ ပွဲကစားရာမှာ လေးဂိုးသာသွင်းယူနိုင်ပြီး ဇန်နဝါရီမှာပဲ အသင်းမှထွက်ခွာရလိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ပွဲစဉ်အပြီးမှာတော့ ဒါဝင်နူနက်ဇ်က သူရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ရုန်းကန်နေရမှုတွေကို ဖွင့်ဟသွားခဲ့ပါတယ်။ Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် သူက “ စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုရှိနေဖို့နဲ့ ဘယ်တော့မှအရှုံးမပေးသွားဖို့ပဲ လိုအပ်တယ်လို့ ထင်ပါတယ်။ အမှန်ပါပဲ၊ အခုအချိန်မှာ ကျွန်တော်တို့ကစားသမားတွေအတွက်၊ ကျွန်တော့်အတွက် အရမ်းခက်ခဲတဲ့အခိုက်အတန့်တွေဆီ ရောက်ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်တော့မှလက်မြှောက်အရှုံးပေးသွားမှာ မဟုတ်ပါဘူး။ အလုပ်ကို အမြဲတမ်းကြိုးစားလုပ်ဆောင်နေပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ကျွန်တော့်အတွက် တိုးတက်ဖို့ လိုအပ်နေသေးရင် တိုးတက်အောင် လုပ်ဆောင်နေပါတယ်။ ကွင်းတွင်းမှာ ကျွန်တော်လုပ်သွားရမယ့်အလုပ်က အသင်းရဲ့ခံစစ်ပိုင်းကိုလည်း ကောင်းကောင်းကူညီပေးသွားဖို့ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီအလုပ်ကို ကျွန်တော် အမြဲတမ်းအကောင်းဆုံးဖြစ်ဆောင် လုပ်ဆောင်နိုင်ခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဂိုးတွေ အများကြီးမသွင်းယူနိုင်ခဲ့ပါဘူး။ လူတွေကလည်း ဒီအချက်ကို အာရုံစိုက်နေတယ်ဆိုတာ သိပါတယ်။ တိုက်စစ်မှူးဆိုတာ ဂိုးတွေသွင်းယူရမယ်လေ”လို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဒါဝင်နူနက်ဇ်က ခိုင်မာတဲ့စိတ်ဓါတ်ကောင်းတစ်ခု ထိန်းသိမ်းထားဖို့နဲ့ ဇွဲလုံ့လဝီရိယထားရှိဖို့ အလွန်အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးက “ခက်ခဲကြမ်းတမ်းတဲ့ကာလတစ်ခုကို ကျွန်တော်ဖြတ်သန်းနေရတယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ၊ ကျွန်တော် ကိုယ့်အလုပ်အပေါ် အပြည့်အဝအာရုံစိုက်ပြီး လီဗာပူးအတွက် အရာရာတိုင်းပေးဆပ်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် ယိုင်မလဲသွားဖို့က အရေးအကြီးဆုံးပဲလို့ ထင်ပါတယ်။ တိုးတက်ဖို့လိုအပ်နေတာကြောင့် အလုပ်တွေ ကြိုးစားရမယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့ပါတယ်။ မိသားစုနဲ့ ပရိသတ်တွေရဲ့မယုံကြည်နိုင်စရာ ထောက်ခံအားပေးမှုနဲ့အတူ ကျွန်တော်ကတော့ အခုလိုစိတ်ဓါတ်ပိုင်းကို ကိုင်စွဲပြီး အသန်မာဆုံးဆက်ရှိနေပါတယ်”လို့ ပြောပါတယ်။

ပွဲကျပ်ကာလကိုဖြတ်သန်းနေရတဲ့ လီဗာပူးအသင်းက လာမယ့်အင်္ဂါနေ့မှာ လိုင်လီနဲ့ အရေးကြီးချန်ပီယံလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။ ဒီပွဲစဉ်အပြီး သူတို့တွေက အစ်ဆွစ်ချ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်သွားရပါလိမ့်မယ်။