The network connection is lost.

Banner Image

လူတန်တောင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်က ၂၀၁၉ခုနှစ် ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ပွဲစဉ်နဲ့ ဆင်တူတယ်လို့ ပြောလာတဲ့ ယာဂင်ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ယနေ့နံနက်က လူတန်တောင်းကို နောက်ကနေလိုက်ပြီး ၄-၁ နဲ့ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်ဟာ ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ ဆင်တူတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ရရှိခဲ့တဲ့ အနိုင် ၃ မှတ်ကြောင့် လီဗာပူးဟာ အမှတ်ပေးဇယားကိုထိပ်ဆုံးကနေ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်သွားနိုင်ပြီး ဒုတိယနေရာက မန်စီးတီးကို ၄ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က "ဒီညက ပြောစရာမကုန်တဲ့ညတစ်ညပါ။ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ရဲ့ကောင်လေးတွေ ဒီလိုစိန်ခေါ်မှုမျိုးနဲ့ကြုံတွေ့မယ်လို့ ဘယ်သူမှမသိခဲ့ကြပါဘူး" လို့ပြောကြားခဲ့ပါတယ်။

အသင်းရဲ့ စီနီယာကစားသမား ၉ ယောက်လောက် ဒဏ်ရာပြဿနာ ကြုံတွေ့နေရတဲ့အပြင် အချို့ကအရန်ခုံမှာ ထိုင်နေရတာကြောင့် ကလော့ပ်ဟာ ယခုပွဲစဉ်မှာ အသက်-၁၉ နှစ်အရွယ် လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့ရတာဖြစ်ပါတယ်။  ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးသော လီဗာပူးရဲ့ အသက်အငယ်ဆုံး ကစားသမား ၁၁ ယောက်စာရင်းကို အသုံးပြုခဲ့သော်လည်း ကလော့ပ်က ဒီပွဲဟာ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကလို အငွေ့အသက်မျိုးရှိနေကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။


ကလော့ပ်က "ကျွန်တော့်ရဲ့အသင်းသားတွေကို ဘာစီလိုနာနဲ့ပွဲတုန်းကလို ဥပမာမျိုး ဘယ်တော့မှ မပေးဘူးလို့ ကတိပေးခဲ့ဖူးပေမယ့် ဒီနေ့မှာတော့ ကတိဖျက်လိုက်ရပါတယ်။ အဓိကကစားသမားအများစု မပါဝင်နိုင်တာကြောင့် အတော်လေးကိုဆင်တူတဲ့ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့တာပါ" "ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့က ဘယ်လိုကစားသမားတွေက အသင်းအတွက် မပါဝင်နိုင်ဘူးလဲဆိုတာကို လျစ်လျူရှုခဲ့ကြပါတယ်။ အဲဒါက ခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားအများစုကဒဏ်ရာရနေတာကြောင့် ဖြေရှင်းဖို့ ခက်ခဲခဲ့တယ်။ ဘာစီလိုနာနဲ့တုန်းက ဖြစ်ရပ်လို အခုလူတန်နဲ့လာဖြစ်နေတာပါ။ ကျွန်တော်တို့ ရှုံးဖို့အကြောင်းပြချက်တွေအများကြီးရှိနေပေမယ့် အသင်းရဲ့ အုပ်စုလိုက်တိုက်ခိုက်မှုက အံ့မခန်းဖြစ်ခဲ့ပါတယ်။ ဒီပွဲကြောင့် စိတ်ကျေနပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က အသင်းရဲ့ပထမပိုင်းကစားပုံကို အားရခဲ့ခြင်းမရှိဘဲ အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ခဲ့ခြင်းကို စိတ်ပျက်နေခဲ့ပါတယ်။ သို့သော်လည်း ပွဲအပြီးမှာတော့ ဒုတိယပိုင်းကစားပုံကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂျာမန်သားက "အသင်းရဲ့ဒုတိယပိုင်းကစားပုံကတော့ မိုးကြိုးမုန်တိုင်းလိုပါပဲ။ ကျွန်တော့်ရဲ့ ပထမပိုင်းက တုံ့ပြန်ပုံကိုကြည့်ပြီး ပုံကြီးချဲ့ချင်နေကြတယ်မဟုတ်လား။ ဒီလိုဟာတွေက ရိုးနေပါပြီ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပါတယ်။ ကစားသမားတွေ အကောင်းမွန်ဆုံး စွမ်းဆောင်နိုင်ခဲ့ကြပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာလီဗာပူးဟာ ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကစားသွားရမှာဖြစ်ပြီး အသင်းရဲ့များပြားတဲ့ ဒဏ်ရာပြဿနာက နိုင်ပွဲရဖို့ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ ကလော့ပ်ကတော့ အသင်းမှာ ကစားသမား ၁၁ ယောက် ရှိနေသမျှတော့ အကောင်းဆုံး စွမ်းဆောင်မယ်လို့ ပြောကြားထားပေမယ့် ဆာလက်၊ နူနက်ဇ်၊ ဆိုဘိုဆလိုင်း၊ ကာတစ်ဂျုံးစ်၊ အလီဆန်နဲ့ အာနိုးလ်တို့ဟာ အဆိုပါပွဲစဉ်မှာပါဝင်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။