ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုကို ဖော်ထုတ်လိုက်တဲ့ ကာမာဗင်ဂါ
လာမယ့်စနေနေ့မှာ ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်သရဖူအတွက် ဝင်ဘာလေကွင်းမှာ ဒေါ့မွန်နဲ့ ယှဉ်ပြိုင်ကစားသွားရပါလိမ့်မယ်။ အသင်းဖော်ချူအာမန်နီရဲ့ ဒဏ်ရာပြဿနာနဲ့အတူ ကာမာဗင်ဂါက လန်ဒန်မြို့ဗိုလ်လုပွဲမှာ အသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးသွားဖွယ် ရှိပါတယ်။
ဒီဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာပဲ ကာမာဗင်ဂါက စပိန်အခြေစိုက် El Espanol သတင်းဌာနနဲ့ တွေ့ဆုံခန်းအစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ပြင်သစ်ကွင်းလယ်လူက ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲကြိုရေပန်းစားနေမှုတွေကို ပယ်ချသွားခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်မိတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။
ကာမာဗင်ဂါက “အနိုင်ရဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဒါပေမယ့် ဒေါ့မွန်က သမိုင်းကြောင်းအစဉ်အလာရှိတဲ့ အသင်းတစ်ခုဖြစ်တာကြောင့် ဒီပွဲစဉ်က ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ သူတို့က အသင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဗိုလ်လုပွဲအထိ ရောက်လာပြီဆိုရင် အရည်အသွေးကောင်းတွေ ရှိနေလို့ပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကစားရခြင်းနဲ့ အသားကျနေလို့ ရေပန်းအစားဆုံးဖြစ်မယ်ဆိုတာ သေချာပါတယ်။ ရီးရဲလ်မက်ဒရစ်က အမြဲလိုလို ရေပန်းအစားဆုံးဖြစ်ပေမယ့် ကွင်းတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေကတော့ အခြားပုံစံတမျိုးပါပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် ကာမာဗင်ဂါက ရီးရဲလ်မက်ဒရစ်ရဲ့ ၁၅ ကြိမ်မြောက်ချန်ပီယံလိဂ်အောင်ပွဲအိပ်မက်အတွက် အကြီးမားဆုံးထိုးနှက်ချက်တွေဟာ အဓိကဧရိယာနှစ်ခုမှ ရောက်ရှိလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ဆန်ချိုက သူတို့အသင်းမှာ အန္တရာယ်အပေးနိုင်ဆုံး ကစားသမားဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူတို့အသင်းမှာ ခေါင်းတိုက်အရမ်းကောင်းတဲ့ နောက်ခံလူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အလွတ်တည်ကန်ဘောတွေကို ခုခံဖို့ ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့တွေ အာရုံစူးစိုက်မှုအပြည့်နဲ့ အရာရာတိုင်းကို အသေးစိတ်စီမံလုပ်ကိုင်သွားရပါလိမ့်မယ်”လို့ ကာမာဗင်ဂါက ဆက်ပြောခဲ့ပါတယ်။
လာမယ့်စနေနေ့ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ကာမာဗင်ဂါ ရှိနေပါလိမ့်မယ်။ အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေမယ့် တိုနီကရူးစ်နဲ့အတူ သူက ကွင်းလယ်မှာ တွဲဖက်ကစားလိမ့်မယ် မျှော်လင့်ရပါတယ်။ ဒီလိုပုံစံမျိုးသာ ပွဲထွက်လာမယ်ဆိုရင် ဒေါ့မွန်အတွက် အလွန်ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။