The network connection is lost.

Banner Image

ပေါ်တူဂီကြယ်ပွင့်ရဲ့စံချိန်မှတ်တမ်းတွေကြောင့် အံ့သြနေရတဲ့ ဂျာမနီအသင်းခေါင်းဆောင်ကင်မစ်ချ်

အခုသီတင်းပတ်အတွင်း အသက်-၄၀ နှစ်အရွယ်ဘောလုံးစူပါကြယ်ပွင့်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုမစတင်ခင် ဂျာမနီကစားသမားကင်မစ်ချ်က  စီရော်နယ်ဒိုရဲ့ကစားသမားဘဝစွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အခုသီတင်းပတ်၊ ပေါ်တူဂီနဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဂျာမနီလက်ရွေးစင်ကစားဘ၀ ရာပြည့်ပွဲစဉ်အဖြစ်ဆင်နွဲမယ့်ကင်မစ်ချ်ဆီ စီရော်နယ်ဒိုနဲ့ရင်ဆိုင်ရမယ့်အကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်လာခဲ့ပါတယ်။ ဂျာမန်အသင်းခေါင်းဆောင်က ကစားသမားဘဝနှောင်းပိုင်းအချိန်အထိ အမြင့်ဆုံးအဆင့်အတန်းမှာ ကစားနေဆဲဖြစ်သလို သမိုင်းတလျှောက် လက်ရွေးစင်အဆင့်ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ ပြိုင်ဘက်အတွက် လေးစားမှုအပြည့်ဖြင့် တုံ့ပြန်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် စီရော်နယ်ဒိုသွင်းယူပေးထားတဲ့ ၁၃၆ ဂိုးဆိုတဲ့ အရေအတွက်က နိုင်ငံတကာအဆင့် အမျိုးသားဘောလုံးလောကမှာ စံချိန်တစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒါ့အပြင် လက်ရွေးစင်အသင်းအတွက် ၂၁၉ ပွဲအထိပါဝင်ကစားပေးထားမှုကလည်း နောက်ထပ်ကမ္ဘာ့စံချိန်တစ်ခုဖြစ်ပြီး စီရော်နယ်ဒိုက စီနီယာအဆင့်လက်ရွေးစင်အသင်းအတွက် ပွဲ ၂၀၀ ကျော် ပါဝင်ကစားပေးတဲ့ တစ်ဦးတည်းသောကစားသမားလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုက စီနီယာအဆင့်ကလပ်အသင်းပွဲဦးထွက်ကို ၂၀၀၂ ခုနှစ်မှာကစားခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်အဖြစ်လည်း ၂၃ နှစ်ကြာ အမှုထမ်းခဲ့ပါတယ်။ 

အထူးသဖြင့် ပီလီရဲ့ ဂိုးပေါင်း ၁၂၀၀ ကျော်သွင်းယူနိုင်မှုမှတ်တမ်းက ဆွေးနွေးငြင်းခုံစရာတွေ ရှိနေချိန်မှာပဲ စီရော်နယ်ဒိုရဲ့ ကစားသမားဘဝသွင်းဂိုးအရေအတွက်ဖြစ်တဲ့ ၉၃၆ ဂိုးကို ကမ္ဘာ့စံချိန်တစ်ရပ်အဖြစ် အသိအမှတ်ပြုမှုတွေလည်း ရှိနေပါတယ်။

ကင်မစ်ချ်က “ လက်ရွေးစင်အသင်းအတွက် စီရော်နယ်ဒိုက ၁၃၆ ဂိုးအထိ သွင်းယူပေးထားတာကို ကျွန်တော် သိပါတယ်။ စီရော်နယ်ဒိုက ရူးသွပ်လောက်စရာကိန်းဂဏန်းပမာဏတွေကို ပိုင်ဆိုင်ထားပါတယ်။ အထူးသဖြင့် သူ့ရဲ့တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် နှစ်ပေါင်း ၂၀ ကျော်ကြာ အရမ်းမြင့်မားတဲ့အဆင့်အတန်းတစ်ခုမှာ သူ ကစားပေးနေဆဲဖြစ်သလို နိုင်ငံ့အတွက်လည်း အကျိုးပြုနေဆဲပဲ ဖြစ်ပါတယ်။ကျွန်တော့်အတွက်ဆိုရင် လက်ရွေးစင်ကစားသမားဘဝရာပြည့်ပွဲဆင်နွှဲရတာကိုက ဂုဏ်ယူစရာ ဖြစ်နေပါတယ်”လို့ ဆိုပါတယ်။

ဒီလိုကိန်းဂဏန်းတွေကြောင့်ပဲ စီရော်နယ်ဒိုက သမိုင်းတလျှောက်အကောင်းဆုံးကစားသမားတစ်ဦးဆိုတာ အငြင်းပွားစရာမလိုပါဘူး။ ဒါပေမယ့် စီရော်နယ်ဒိုက ၂၀၂၂ ခုနှစ်၊ ၂၀၂၄ ခုနှစ်တို့မှာကျင်းပတဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ထင်ရှားတဲ့အကျိုးသက်ရောက်မှုတစ်ခုပြသဖို့ ရုန်းကန်ခဲ့ရသလို လွန်ခဲ့တဲ့လေးနှစ်၊ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်ကို နှစ်ဂိုးသွင်းယူပြီးနောက် ထိပ်တန်းအဆင့်လက်ရွေးစင်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးတဲ့မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

စီရော်နယ်ဒိုရဲ့လတ်တလောကလပ်အသင်းကစားသမားဘဝကလည်း မရေရာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သူ့ရဲ့အယ်လ်နာဆာနဲ့စာချုပ်သက်တမ်းက သီတင်းပတ် လေးပတ်မျှသာကျန်ရှိတော့ပြီး စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုလည်း မရရှိသေးပါဘူး။ သူက အယ်လ်နာဆာရဲ့ပြည်တွင်းပြည်ပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့နေမှုကို စိတ်ပျက်နေတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ စီရော်နယ်ဒိုက အခုလအတွင်း ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ကလပ်အသင်းတစ်ခုဆီ ကာလတိုစာချုပ်ဖြင့် ပြောင်းရွှေ့သွားနိုင်ပါတယ်။ သူ့ကိုခေါ်ယူနိုင်ရေးအတွက် မွန်တာရေးနဲ့ ဝိုင်ဒက်တို့ ရေပန်းစားနေသလို ဆော်ဒီအင်အားကြီးအယ်လ်ဟီလယ်လည်း သတင်းကြီးနေပြန်ပါတယ်။