
ဒိန်းမတ်နဲ့ပွဲစဉ်မတိုင်မီ ဂင်းနစ်စံချိန်ဝင် ဆုတံဆိပ်တစ်ခုကို ချီးမြှင့်ခံခဲ့ရတဲ့ ရော်နယ်ဒို
တနင်္လာနေ့နံနက်ကဒိန်းမတ်ကို အနိုင်ရခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီမှာ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂင်းနစ်စံချိန်ဝင် ဆုတံဆိပ်တစ်ခုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပိုလန်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီအတွက် ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ ထိုစဉ်က ကမ္ဘာ့နိုင်ငံတကာနိုင်ပွဲအများဆုံး ဘောလုံးကစားသမားအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ ဘောလွန်းဒီအော် ၅ ဆုရှင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ဆာဂျီယိုရာမို့စ်ကိုကျော်ဖြတ်ပြီး နိုင်ငံတကာနိုင်ပွဲ ၁၃၂ ပွဲနဲ့ ဂင်းနစ်မှတ်တမ်းရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်ကို ၅-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်မီမှာတော့ အယ်လ်နာဆာစူပါစတားဟာ အဆိုပါဂင်းနစ်စံချိန် ဆုတံဆိပ်ကို လက်ခံရယူခဲ့ပြီး နိုင်ငံတကာနိုင်ပွဲအများဆုံးကစားသမားအဖြစ် တရားဝင်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ အဆိုပါစံချိန်အပြင် ရော်နယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမား၊ ချန်ပီယံလိဂ်သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးကစားသမား၊ အင်စတာဂရမ်မှာ ဖော်လိုဝါအများဆုံး အမျိုးသား စသဖြင့် ဂင်းနစ်စံချိန်မှတ်တမ်းတွေကိုလည်း ရေးထိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ယခုဒိန်းမတ်နဲ့ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပထမပိုင်းအတွင်း ကံမကောင်းစွာနဲ့ ပင်နယ်တီလွဲချော်ခဲ့ပါသေးတယ်။အသက်-၄၀ နှစ်အရွယ်ကစားသမားဟာ ယခုအခါမှာတော့ ဆော်ဒီကလပ် အယ်လ်နာဆာသို့ ပြန်ရတော့မှာဖြစ်ပြီး ဧပြီလ ၄ ရက်နေ့မှာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် အယ်လ်ဟီလယ်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။