
အယ်လ်နာဆာနဲ့ ပေါင် ၄၉၂ သန်းတန် စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ရော်နယ်ဒို
ကမ္ဘာ့ဘောလုံးလောကကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိကလပ် အယ်လ်နာဆာနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်ဟာ ပေါင် ၄၉၂ သန်းအထိ တန်ကြေးရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ၂၀၂၂ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲခဲ့ပြီးနောက်ပိုင်း အယ်လ်နာဆာနဲ့လက်တွဲကာ ဆော်ဒီပရိုလိဂ်သို့စတင်ခြေချခဲ့ပါတယ်။ ယခုအခါမှာတော့ အယ်လ်နာဆာနဲ့နောက်ထပ် ၂ နှစ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပြီး အဆိုပါ ၂ နှစ်အတွင်း ကစားသမားဟာ တစ်ရက်လုပ်ခ ပေါင် ၅ သိန်းလောက်အထိရရှိသွားမှာဖြစ်ပါတယ်။
Sun သတင်းဌာနရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုနဲ့စာချုပ်ဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် တန်ကြေးအမြင့်ဆုံးစာချုပ်ဖြစ်တယ်လို့သိရပြီး ကစားသမားဟာ စာချုပ်လက်မှတ်ထိုးကြေးအတွက်ပင် ပေါင် ၂၄.၅ သန်းရရှိသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ စာချုပ်ရဲ့ဒုတိယနှစ်အတွင်းမှာတော့ လက်မှတ်ထိုးကြေးအတွက် ပေါင် ၃၈ သန်းအထိတိုးမြှင့်ရရှိသွားမယ်လို့သိရပါတယ်။
သတင်းတွေအရ ရော်နယ်ဒိုဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်မှာ အယ်လ်နာဆာရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို အလိုအလျောက်ပိုင်ဆိုင်သွားမှာဖြစ်ပြီး ဆော်ဒီပရိုလိဂ်အမှတ်ပေးဖလား၊ ရွှေဖိနပ်ဆုနဲ့ အခြားဆုဖလားတွေရရှိပါကလည်း နောက်ထပ်အပိုဆုကြေးတွေ ထပ်မံချီးမြှင့်ခံရမယ်လို့သိရပါတယ်။
ယခုနွေရာသီအတွင်း ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့လမ်းခွဲတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပေမယ့် သောကြာနေ့မှာတော့ အသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုလိုက်ကြောင်း ကြေညာလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း ပေါ်တူဂီသားဟာ အယ်လ်နာဆာနဲ့လမ်းခွဲနိုင်ကြောင်းကို အရိပ်အမြွက်အနေနဲ့ "အခန်းကဏ္ဍတစ်ခုပြီးဆုံးခဲ့ပြီ"လို့ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။
သောကြာနေ့မှာတော့ အယ်လ်နာဆာနဲ့စာချုပ်သစ်ချုပ်ဆိုထားကြောင်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ရော်နယ်ဒိုက "နောက်ထပ်အခန်းသစ်တစ်ခု စတင်ပါပြီ။ တူညီတဲ့စိတ်အားထက်သန်မှု၊ တူညီတဲ့အိပ်မက်တွေနဲ့ သမိုင်းသစ်တွေဖန်တီးသွားပါမယ်" လို့ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် စုစုပေါင်း ၄၁ ပွဲကစားခဲ့ပြီး ၃၅ ဂိုးသွင်းယူခဲ့ကာ ဆော်ဒီပရိုလိဂ်ရဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ကစားသမားဘဝ သွင်းဂိုး ၁ ထောင်ပြည့်မြောက်ဖို့ရည်မှန်းထားတဲ့ ပေါ်တူဂီလက်ရွေးစင်ဟာ ယခုအခါမှာတော့ စုစုပေါင်း ၉၃၈ ဂိုး အထိသွင်းယူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
နောက်ထပ်သတင်းတွေရဲ့ဖော်ပြချက်မှာ ရော်နယ်ဒိုဟာ စာချုပ်ပါသဘောတူညီချက်တွေအရ အယ်လ်နာဆာက အကုန်ကျခံပြီးထောက်ပံ့သွားမယ့် အချိန်ပြည့်ဝန်ထမ်း ၁၆ ဦးကိုလည်း ရရှိသွားမှာဖြစ်ပါတယ်။ အဆိုပါဝန်ထမ်းတွေကတော့ ဒရိုင်ဘာ(၃)ဦး၊ သန့်ရှင်းရေး(၄) ဦး၊ စားဖိုမှူး(၂)ဦး၊ ဥယျာဉ်မှူး (၃)ဦးနဲ့ လုံခြုံရေး (၄)ဦးဖြစ်ပြီး ဝန်ထမ်းတွေအတွက်ကုန်ကျစရိတ် ပေါင် ၁.၄ သန်းကို အယ်လ်နာဆာဘက်က ပေးချေသွားမှာဖြစ်ပါတယ်။
ဒါ့အပြင်ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်လေယာဉ်အသုံးပြုမှုအတွက်လည်း အယ်လ်နာဆာက ပေါင် ၄ သန်းအထိထောက်ပံ့သွားမှာဖြစ်သလို ဆော်ဒီကုမ္ပဏီတွေရဲ့စပွန်ဆာကြေးအနေနဲ့လည်း ကစားသမားဟာ ပေါင်သန်း ၆၀ လောက်အထိရရှိသွားမှာဖြစ်ပါတယ်။ သတင်းတွေအရ အယ်လ်နာဆာဟာ လိဂ်ရဲ့မျက်နှာဖုံး ဘောလွန်းဒီအော် ၅ ဆုရှင်ရော်နယ်ဒိုကို ဆုံးရှုံးရမှာစိုးရိမ်တာကြောင့် ထူးခြားတဲ့ကမ်းလှမ်းမှုတွေပြုလုပ်ပြီး စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိနည်းပြ စတီဖန်နို ပီအိုလီကိုထုတ်ပယ်ပြီး ၁ ရက်အကြာမှာပဲ အယ်လ်နာဆာဟာ ရောနယ်ဒိုကို စာချုပ်သစ်ချုပ်ဆိုကြောင်း ကြေညာလာခဲ့တာဖြစ်ပါတယ်။
ပီအိုလီဟာ ရော်နယ်ဒို အယ်လ်နာဆာမှာနေထိုင်ခဲ့တဲ့ကာလအတောအတွင်း ကလပ်ရဲ့ ၄ ယောက်မြောက်နည်းပြဖြစ်ခဲ့ပြီး အခုချိန်မှာတော့ လမ်းခွဲသွားခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုကစားခဲ့တဲ့ ၂ နှစ်ခွဲတာ အတောအတွင်းမှာ အယ်လ်နာဆာဟာ ကလပ်ကိုကိုင်တွယ်ခဲ့တဲ့ ရူဒီဂါစီယာ၊ ဒင်ကိုဂျီလီဆစ်နဲ့ လူးဝစ်ကတ်စ်ထရိုတို့ကို ရာထူးကနေထုတ်ပယ်ထားခဲ့ပြီးဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ပီအိုလီထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် "အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်" လို့နှုတ်ဆက်စကားပြောကြားထားခဲ့ပါတယ်။