The network connection is lost.

Banner Image

အန်ဆယ်လော့တီနည်းစနစ်တွေ လွှမ်းမိုးနေဆဲလို့ ကော်တိုရစ် ထုတ်ဖော်ပြောကြား

ရီးရဲလ်အသင်းဂိုးသမား ကော်တိုရစ်က နည်းပြသစ် အလွန်ဆိုလက်အောက်မှာ ပွဲဦးထွက်ရလဒ်မကောင်းတာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့သလို အန်ဆယ်လော့တီနည်းစနစ်တွေလွှမ်းမိုးနေဆဲလို့ ပြောကြားလိုက်ပါတယ်။ ကော်တိုရစ်က မိမိတို့အသင်းဟာ အန်ဆယ်လော့တီလက်အောက်မှာ ၄ နှစ်ကြာကစားခဲ့တာကြောင့် လွှမ်းမိုးမှုတွေရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။ နည်းပြသစ် အလွန်ဆိုလက်အောက်မှာ ရီးရဲလ်ဟာ ကလပ်ကမ္ဘာ့ဖလားပွဲအဖြစ် အယ်လ်-ဟီလယ်နဲ့ပွဲမှ ၁-၁ သရေသာကန်နိုင်ခဲ့ပါတယ်။

အဆိုပါအခြေအနေကြောင့် လာမယ့်အနာဂတ်မှာ တိုးတက်ဖို့လိုအပ်နေဆဲလို့ ယုံကြည်နေပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ “ကျွန်တော်တို့ ကားလို့စ်နဲ့ ၄ နှစ်ကြာကစားခဲ့တာပါ။ အဲ့အတွက် လွှမ်းမိုးမှုတွေရှိနေဆဲပါ။ အခုတော့ နည်းပြသစ်လိုချင်သလိုပြောင်းလဲမှုတွေပြုလုပ်ရပါမယ်။ ၄ ရက်လောက်နဲ့တော့ မပြောင်းလဲနိုင်သေးပါဘူး။

အဲ့တာက ချက်ချင်းဖြစ်လာမှာမဟုတ်သလို ကျွန်တော်တို့ ဗီဒီယိုတွေကြည့်ပြီး စကားတွေအများကြီးပြောရပါမယ်။ ဒီပွဲကနေသင်ယူဖို့ လိုအပ်သလို အနာဂတ်မှာ တိုးတက်အောင်လုပ်ဆောင်ရပါမယ်”လို့ ကော်တိုရစ်က ဖြေကြားခဲ့ပါတယ်။
မက်ဒရစ်ဟာ အန်ဆယ်လော့တီလက်အောက်မှာ ၄ နှစ်ကြာဖြတ်သန်းခဲ့တာဖြစ်ပြီး အလွန်ဆိုကတော့ ၁ လတောင်မပြည့်သေးတာဖြစ်ပါတယ်။ ဒါ့အပြင် အချို့ကစားသမားတွေဟာ နိုင်ငံအသင်းကနေပြန်လာပြီးနောက် လေ့ကျင့်ခန်းခနသာဆင်းရသေးတာဖြစ်ပါတယ်။

ဘာပေဆိုရင်လည်း အဖျားဝေဒနာကြောင့် အခုပွဲကိုလွဲချော်ခဲ့ပြီး လာမယ့်ပွဲအတွက်လည်း မသေချာသေးတာဖြစ်ပါတယ်။ မက်ဒရစ်အနေနဲ့ အလွန်ဆိုလက်အောက် ပထမဆုံးပွဲမှာလိုအပ်ချက်တွေမြင်ခဲ့ရသလို နည်းပြလိုချင်သလိုမျိုးကစားနိုင်ဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။ လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ရီးရဲလ်ဟာ ကလပ်ကမ္ဘာ့ဖလားဒုတိယမြောက်ပွဲအဖြစ် ပါချူကာအသင်းနဲ့ကန်ရမှာဖြစ်ပြီး ကစားသမားသစ် အာနိုးလ်ကတော့ အသင်းသစ်နဲ့အတူ မမေ့နိုင်စရာပွဲဦးထက်အတွေ့အကြုံရရှိခဲ့ပြီဖြစ်ပါတယ်။