
စပို့တင်းမှထွက်ခွာမယ်လို့သတင်းကြီးနေပေမယ့် ပရီးမီးယားလိဂ်မှာကစားဖို့ ခက်ခဲနိုင်ကြောင်း ဖွင့်ဟလာတဲ့ ဂျိုကာရက်စ်
စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ဟာ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ချိတ်ဆက်မှုတွေရှိနေပေမယ့် ရာသီဥတုအခြေအနေကြောင့် ပရီးမီးယားလိဂ်မှာကစားဖို့ သူ့အတွက်အခက်အခဲရှိနိုင်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ဟာ အပြိုင်စိတ်ဝင်စားနေကြတာဖြစ်လို့ ကစားသမားအနေနဲ့ ယခုနွေရာသီမှာပဲ ပေါ်တူဂီမြေကို စွန့်ခွာရဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဂျိုကာရက်စ်ဟာ စပို့တင်းအတွက် ပေါ်တူဂီလိပ် ၃၃ ပွဲကစားရာမှာ ၃၉ ဂိုးအထိသွင်းယူနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်မှာလည်း ၈ ပွဲကစား၊ ၆ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ သတင်းတွေအရ ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၈၅ သန်းအထိ တန်ကြေးရှိနေပေမယ့် ပေါင်သန်း ၆၀ နဲ့ဝယ်ယူနိုင်ခွင့်ရှိနေတယ်လို့ သိရပါတယ်။
ယခုအခါမှာ ဂျိုကာရက်စ်က “သတင်းတွေက ကောလာဟလတွေများပါတယ်။ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး တစ်ရက်ကို ၂၄ နာရီလောက် သတင်းတွေထွက်နေတာပါပဲ။ ဆွီဒင်မှာဆိုရင် လူတွေက ကြားရက်တွေမှာအလုပ်လုပ်ကြပြီး ပိတ်ရက်တွေကျမှပဲ လူမှုရေးကိစ္စတွေလုပ်ကြပါတယ်။ ဒီမှာကျတော့ လူတွေက ကြားရက်တွေမှာလည်း လူမှုရေးကိစ္စတွေလုပ်ကြပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့ပြီး တနင်္လာနေ့မှာလည်း ဝိုင်တွေဘာတွေသောက်ကြပါတယ်။ ဒီလိုလူနေမှုဘဝမျိုးကို ကျွန်တော်သဘောကျပါတယ်။ ပူတဲ့နိုင်ငံမှာအသားကျနေပြီဆိုတော့ ပိုအေးတဲ့နိုင်ငံတစ်ခုမှာကစားဖို့က ကျွန်တော့်အတွက် အခက်တွေ့စေပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။ ယခုနွေရာသီအတွင်း ဂျိုကာရက်စ်ဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပြီး စနေနေ့မှာတော့ ဆွီဒင်လက်ရွေးစင်အသင်းဟာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အဖြစ် ဟန်ဂေရီနဲ့ယှဉ်ပြိုင်သွားရပါမယ်။