
သူ့ဆီကနေ ပရိသတ်တွေဘာမျှော်လင့်နိုင်လဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ နော်ဂတ်
အာဆင်နယ်ကစားသမားသစ် နော်ဂတ်က သူ့အနေနဲ့ အသင်းထံပြောင်းရွှေ့လာရတာကို အရမ်းပျော်မိကြောင်း နဲ့ ငယ်ဘဝကတည်းက ကစားချင်တဲ့ချန်ပီယံလိဂ်အိပ်မက်ကို ဖြည့်တင်းနိုင်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ နော်ဂတ်ဟာ ကြာသပတေးနေ့တုန်းက အာဆင်နယ်ထံ ပေါင် ၁၀ သန်း + အပိုဆုကြေး ၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
နော်ဂတ်တစ်ယောက် အာဆင်နယ်နဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုပြီး အပို ၁ နှစ်သက်တမ်းတိုးခွင့်လည်း ပါရှိတာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်မှာ ၆ နှစ်တာဖြတ်သန်းခဲ့ပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပေမယ့် အခုချိန်မှာ အာဆင်နယ်ထံပြောင်းလာရလို့ စိတ်လှုပ်ရှားနေပါတယ်။ မတ်လတုန်းက အသက် ၃၁ နှစ်ပြည့်ခဲ့တဲ့ နော်ဂတ်ဟာ ချန်ပီယံလိဂ်ကစားခွင့်ကို လက်လျှော့ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အမ်းမရိတ်ကိုပြောင်းလာပြီးနောက် သူ့အိပ်မက်ကိုဖြည့်တင်းနိုင်တော့မှာဖြစ်ပါတယ်။
“ခင်ဗျားအနေနဲ့ ခံစားချက်တွေအပြည့်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကစားသမားက အသက်ကြီးပိုင်းကိုရောက်လာခဲ့ပြီဖြစ်သလို အိပ်မက်ကိုလည်း လက်လျှော့ထားခဲ့တာပါ။ အသက် ၃၁ နှစ်လည်းပြည့်ထားသလို ဘရန့်ဖို့ဒ်နဲ့လည်း စာချုပ်သက်တမ်းတိုးထားခဲ့တာပါ။ မှန်ပါတယ်။ ဒီလိုဖြစ်လာဖို့ အလှည့်အပြောင်းအနည်းငယ်ရှိခဲ့တာပါ။ ချန်ပီယံလိဂ်ကစားဖို့ဆိုတာက လက်တွေ့မဆန်ပါဘူး။ အခုတော့ ချန်ပီယံလိဂ်တေးသွားကိုကြားရတော့မှာဖြစ်သလို အသင်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ချန်ပီယံလိဂ်မှာကန်ရတော့မှာပါ။ အဲ့တာက ကျွန်တော် ကလေးဘဝကတည်းက အိပ်မက်ပါ။ ကျွန်တော်တွေးထားတာက မဖြစ်နိုင်တော့ဘူးလို့ပါ။ အခုတော့ တကယ်ဖြစ်လာခဲ့ပါပြီ”လို့ နော်ဂတ်က ဖြေကြားခဲ့ပါတယ်။
နော်ဂတ်ဟာ အာဆင်နယ်အသင်းကွင်းလယ်လူသစ် ဇူဘီမန်ဒီပြီးနောက် ဒုတိယမြောက်ကွင်းလယ်ခံစစ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဒိန်းမတ်သားဟာ ပြိုင်ပွဲစုံဘရန့်ဖို့ဒ်အတွက် ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသန်မာဆုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။
“ကျွန်တော်က တိုက်စစ်အားသန်ကွင်းလယ်လူအဖြစ် စတင်ခဲ့တာပါ။ အခုတော့ ကွင်းလယ်ခံစစ်ကစားသမားပိုဆန်လာပါပြီ။ ကွင်းလယ်ခံစစ်ပိုကောင်းတဲ့အသင်းနဲ့ဆိုရင် ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ပြီးတော့ အသင်းကိုလည်း အကျိုးပြု နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်ဂိုးပါဝင်ပတ်သက်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ အဲ့တာကို အခုရာသီသစ်မှာလည်း ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ နည်းပြက ကျွန်တော့်ကိုဘယ်လိုထားကစားမလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော် ခံစစ်မှာ လွတ်လွတ်လပ်လပ်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ နော်ဂတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
နော်ဂတ်ဟာ အာဆင်နယ်မှာ ဘရန့်ဖို့ဒ်အသင်းဖော်ဟောင်း ရာယာနဲ့ပြန်လည်ပေါင်းဆုံရမှာဖြစ်သလို အသင်းခေါင်းဆောင် အိုဒီဂတ်ကလည်း သူ့ကို ကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။ “ရာယာနဲ့ကော အိုဒီဂတ်နဲ့ပါ စကားပြောဖြစ်ပါတယ်။ သူတို့ ၂ ယောက်စလုံးက အသင်းထံလာရောက်တာကို ကြိုဆိုခဲ့သလို မိသားစုလိုခံစားရပါတယ်။ မာတင်နဲ့စကားပြောဆိုရတာ တကယ်ကောင်းပါတယ်။ နည်းပြတင်မဟုတ်ပဲ ဝန်ထမ်းတစ်ဖွဲ့လုံးက သေချာလေးကြိုဆိုကြပါတယ်။ ဒီအဖွဲ့အစည်းက အကုန်လုံးအဆင့်အတန်းမြင့်မြင့်ပြောဆိုကြပါတယ်။ ကျွန်တော် အားလုံးနဲ့တွေ့ဆုံချင်နေပါပြီ”လို့ နော်ဂတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။