The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလဲထိုးခဲ့လို့ ဖလူမီနိစ်ဆီ တောင်းပန်လိုက်တဲ့ ဂျော်အိုပက်ဒရို

ဒီနေ့မနက်ပိုင်း၊ ဖလူးမီနိစ်နဲ့ရင်ဆိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေသွင်းယူပေးပြီးနောက် တိုက်စစ်မှူးဂျော်အိုပက်ဒရို အောင်ပွဲခံဖို့ ငြင်းဆန်သွားပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ဘရိုက်တန်မှ ချဲလ်ဆီးရောက်ရှိလာတဲ့ အသက်-၂၃ နှစ်အရွယ် ဘရာဇီးတိုက်စစ်ကစားသမားက ပွဲချိန် ၁၈ မိနစ်မှာပဲ လှပတဲ့အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းပွဲချိန်အစောပိုင်းမှာလည်း နောက်ထပ်အလန်းစားကန်ချက်နဲ့ အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးတို့လည်း တောင်အမေရိကအခြေစိုက်ပြိုင်ဘက်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ကလပ်အသင်းဟောင်းနဲ့ တွေ့ဆုံချိန် လက်ရှိကလပ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ အနိုင်ဂိုးတွေသွင်းယူခဲ့တဲ့ ဂျော်အိုပက်ဒရိုက ဒုတိယဂိုးသွင်းယူပြီးချိန် အနည်းငယ်ပြုံးရိပ်သန်းရုံမှလွဲပြီး သွင်းဂိုးတွေအတွက် အသင်းဖော်တွေနဲ့အတူအောင်ပွဲမခံဘဲ သူ့ကိုပျိုးထောင်ပေးခဲ့တဲ့ကလပ်အသင်းဆီ လက်နှစ်ဖက်မြှောက်ကာ တောင်းပန်သွားခဲ့ပါတယ်။

ဂျော်အိုပက်ဒရိုက “ ဖလူမီနိစ်ဆိုတာ ကျွန်တော့်အတွက် အရာရာတိုင်းကို ဖန်တီးပေးခဲ့တဲ့ အသင်းပါ။ သူတို့တွေက ကျွန်တော့်ကို ကမ္ဘာ့ကြီးဆီ ချပြပေးခဲ့ပါတယ်။ သူတို့တွေ ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့လို့ ကျွန်တော် ဒီနေရာမှာ ရောက်ရှိနေတာပါ။ ဒီအတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကဖြစ်နေလို့ ကျွန်တော် ပရော်ဖက်ရှင်နယ် ဖြစ်ချင်ပါတယ်။ သူတို့အတွက် ကျွန်တော် ဝမ်းနည်းမိပေမယ့် ကိုယ့်အလုပ်ကိုယ် လုပ်သွားချင်ပါတယ်”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့သောကြာနေ့၊ ပါမီးရက်စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ကွာတားဖိုင်နယ်ပွဲစဉ်ကို ဂျော်အိုပက်ဒရိုက ချဲလ်ဆီးအတွက် ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ နောက်လေးရက်အကြာမှာတော့ သူက ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူက “ ဒီနေ့မှာ ကျွန်တော် ပွဲထွက်ခွင့်ရတာကြောင့့်အလုပ်တွေလုပ်နိုင်ဖို့၊ ဂိုးတွေသွင်းယူနိုင်ဖို့အတွက် အချိန် ပိုရလာတယ်လို့ ထင်ပါတယ်။ အသင်းလည်း အနိုင်ရရှိခဲ့သလို ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ”လို့ ပြောပါတယ်။

အခုပွဲစဉ်အနိုင်ရရှိမှုကြောင့် ချဲလ်ဆီးက ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီ(သို့)ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်သွားရပါမယ်။ ဒီဖိုင်နယ်ပွဲစဉ်ကို လာမယ့်တနင်္ဂနွေနေ့၊ MetLife Stadium မှာ ကျင်းပသွားပါလိမ့်မယ်။ အန်ဇိုမာရက်စ်ကာရဲ့အသင်းက ပရီမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာ ရယူနိုင်သလို ကွန်ဖရန့်လိဂ်မှာပါ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို အလှပဆုံးပိတ်သိမ်းသွားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။