
ဂျာအိုဖီးလစ်ရဲ့ အပြောင်းအရွှေ့ကို ဆုံးဖြတ်ချက်ချမယ့် ချဲလ်ဆီး
ဇန်နဝါရီမှာ အေစီမီလန်မှ စိတ်ဝင်စားမှုရှိနေသော်လည်း ဂျာအိုဖီးလစ်ကို အငှားလွှတ်ဖို့အတွက် ချဲလ်ဆီးက အဆင်သင့်မဖြစ်သေးပါဘူးလို့ အီတလီရှိသတင်းတွေက ဖော်ပြထားပါတယ်။ ဂျာအိုဖီးလစ်ဟာ နွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကနေ ချဲလ်ဆီးသို့ ပေါင် ၄၅ သန်းဖြင့် ရောက်လာခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင် ၂၀၂၃ ခုနှစ်မှာ လန်ဒန်အခြေစိုက်ကလပ်မှာ အငှား ၆ လ လာရောက် ကစားခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ပေါ်တူဂီနိုင်ငံသားဟာ မာရက်စ်ကာရဲ့အသင်းဟာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အတွက် ရုန်းကန်နေရပြီး နံပါတ် ၁၀ နေရာတွင် ပါလ်မာရဲ့အရန်အဖြစ်သာ ရှိနေတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဖလားပြိုင်ပွဲမှာ ၆ ဂိုးအထိသွင်းထားသော်လည်း လက်ရှိရာသီ ပရီးမီးယားလိဂ်မှာတော့ ၃ ပွဲသာ ပွဲထွက် ကစားထားရတာဖြစ်ပါတယ်။
ပုံမှန်ပွဲထွက်ခွင့်မရရှိနေတဲ့ ကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေပြီး စွယ်စုံရတိုက်စစ်မှုးကို ချဲလ်ဆီးကနေ အငှားဖြင့် ခေါ်ယူလိုနေကြတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ အေစီမီလန်က အသင်းတစ်သင်းအဖြစ်ပေါ်ထွက်လာပြီး အီတလီဂျာနယ်လစ် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဒီအပြောင်းအရွှေ့မှာ ကစားသမားကို အငှားဖြင့် စေလွှတ်ဖို့ အဆင်သင့်မဖြစ်သေးတာပါ။
တကယ်တော့ ချဲလ်ဆီးဟာ ဒီလမှာ တိုက်စစ်ကိုအင်အားဖြည့်တင်းလိုနေပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်က ဂါနာချိုနှင့် ဒေါ့မွန်က ဂစ်တန်စ်တို့ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ မီလန်ကတော့ အင်္ဂလန်သား ၂ ဦးဖြစ်တဲ့ ဝေါ်ကာနှင့် ရက်ရှ်ဖို့ဒ်တို့ကို စိတ်ဝင်စားနေသော်လည်း အီတလီရဲ့ အပြောင်းအရွှေ့စည်းမျဉ်းများအရ အဆိုပါ ကစားသမား ၂ ဦးစလုံးကို ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။
ဝုဗ်နှင့်ကစားမယ့် ပွဲစဉ်မတိုင်မီ မာရက်စ်ကာက ဇန်နဝါရီအပြောင်းအရွှေ့အလွန်အတွက် စဉ်းစားလိုနေတယ်လို့ ဝန်ခံထားပါတယ်။ "ကွင်းပြင်ပမှာတော့ ဇန်နဝါရီလ စိတ်ပျက်ဖို့ကောင်းပါတယ် ဘာလို့လဲဆိုတော့ သတင်းတွေက မျိုးစုံထွက်နေပြီး ဒါတွေက ကျွန်တော်တို့အတွက်ရော အခြားမည်သည့်ကလပ်ကိုပါ အကူအညီ မဖြစ်စေပါဘူး" "ဒါဟာ ကျွန်တော်တို့အတွက်ရော အခြားနည်းပြနဲ့ ကလပ်တိုင်းအတွက်ဖြစ်ပါတယ်"
"လက်ရှိအချိန်မှာတော့ အသံမျိုးစုံထွက်နေတာကြောင့် ကစားသမားတွေက ကျွန်တော်တို့အတွက် အာရုံစိုက်ထားတယ်ဆိုရင်တောင် မလွယ်ကူပါဘူး။ အဆုံးသတ်မှာတော့ အားလုံးက လူသားတွေပါပဲ" "အခြားကလပ်တွေအတွက်လည်း အသံမျိုးစုံထွက်နေပါတယ်။ ဒါကြောင့် ရာနှုန်းပြည့် အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ဒီလိုတွေက ဖြစ်မြဲဖြစ်နေတာကြောင့် ကျွန်တော်တို့ကတော့ အသားကျဖို့လိုပါတယ်" လို့ မာရက်စ်ကာက ပြောပါတယ်။