The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲမှာ ချဲလ်ဆီးက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ တယ်ရီသုံးသပ်

ချဲလ်ဆီးဂန္ထဝင်နောက်ခံလူဟောင်း ဂျွန်တယ်ရီက  တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ချဲလ်ဆီးဟာ အာဆင်နယ်ကိုတစ်ယောက်လျော့နဲ့ အသားစီးကနေကစားခဲ့တာကြောင့် ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ကြောင်း သုံးသပ်ပြောကြားလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာချဲလ်ဆီးဟာ ပထမပိုင်းအတွင်း ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒိုတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရကြောင့် ပွဲကစားချိန် မိနစ် ၆၀ လောက်အထိ ကစားသမားတစ်ယောက်လျော့နဲ့ အာဆင်နယ်ကိုယှဉ်ပြိုင်ခဲ့ရပါတယ်။ တယ်ရီက "ဒီပွဲမှာ ချဲလ်ဆီးက သရေတစ်မှတ်ရခဲ့လို့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရပါမယ်။ ပွဲချိန်အများစုကို ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပေမယ့် အာဆင်နယ်ထက်အများကြီးပိုကောင်းတဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်"

"ပထမပိုင်းမှာပဲ အနိုင်ရဖို့ကိုရှာဖွေခဲ့တဲ့အသင်းက ချဲလ်ဆီးဖြစ်ပြီး လန်ဒန်ဒါဘီဖြစ်တာနဲ့အညီ ကစားပုံကြမ်းတာတွေကတော့ ထုံးစံပါပဲ။ ကံမကောင်းစွာနဲ့ပဲ ကွင်းလယ်ဒိုင်က ပွဲကစားချိန် ၁၅ မိနစ်လောက်မှာပဲ အဝါကတ် ၃ ကတ်လောက်အထိထုတ်ပြခဲ့တော့ ပွဲရဲ့အရှိန်အဟုန်က နည်းနည်းအားလျော့သွားပါတယ်"

"ကိုင်စီဒိုအနီကတ်ထိတာ အငြင်းပွားစရာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်းအနီကတ်ဖြစ်သင့်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် သူမပါတာ ချဲလ်ဆီးအတွက် ကြီးမားတဲ့နစ်နာမှုဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပွဲကိုခြုံပြီးကြည့်မယ်ဆိုရင်တော့ ဒီပွဲမှာအနိုင်ရဖို့ထိုက်တန်တာက ချဲလ်ဆီးပါ"

"တိုက်စစ်ဆင်မှုတွေပိုကောင်းခဲ့ပြီး ကစားသမားတွေ အတက်အဆင်းဆော့ခဲ့ကြပါတယ်။ ခံစစ်မှာလည်း ပုံစံကောင်းရခဲ့ပြီး ကစားသမားတွေအတော်လေးပင်ပန်းခဲ့ကြမှာပါ။ ချာလိုဘာဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်းဝမ်းသာပါတယ်။ ပွဲမစခင်မှာပဲ တည်ကန်ဘောတွေကဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကျွန်တော်တို့ပြောခဲ့ပါတယ်"

"ဒီပွဲကအသင်းရဲ့စွမ်းဆောင်ရည်ကို အားရကျေနပ်ပါတယ်။ ဒီပုံစံအတိုင်းဆက်သွားရပါမယ်။ အာဆင်နယ်လိုအသင်းကို တစ်ယောက်လျော့အနေအထားနဲ့ သရေရအောင်ကစားနိုင်ခဲ့တာ ချီးကျူးပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက သူတို့ဟာ လိဂ်ရဲ့အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။