The network connection is lost.

Banner Image

မန်စီးတီးနဲ့သရေကျပြီးနောက် ချဲလ်ဆီးရဲ့ခံနိုင်ရည်ရှိမှုကို ယာယီနည်းပြ မက်ဖာလိန်း ချီးကျူး

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကိုနောက်ကနေလိုက်ကစားကာ ၁-၁ ဆိုတဲ့သရေရလဒ်ကိုဖော်ဆောင်နိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းကိုယာယီကိုင်တွယ်နေတဲ့ နည်းပြ မက်ဖာလိန်းက အသင်းရဲ့ခံနိုင်ရည်ရှိမှုနဲ့ ကြံ့ကြံ့ခိုင်နိုင်မှုကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို တီဂျာနီရိုင်ဒါစ်က ပထမပိုင်းပြီးကာနီးမှာသွင်းယူခဲ့ပြီး မိနစ် ၉၀ အထိ ၁-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ရှုံးပွဲကြုံတွေ့မယ်လို့ ယူဆခဲ့ရပေမယ့် အသင်းအတွက် အဖိုးတန်ချေပဂိုးကို ပွဲပြီးကာနီး ၉၀+၄ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က ပြန်လည်သွင်းယူပေးခဲ့လို့ မန်စီးတီးထံမှ သရေတစ်မှတ်ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ မက်ဖာလိန်းက "အသင်းမှာ ပြောင်းလဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ မာရက်စ်ကာက ကစားသမားတွေနဲ့အတူ အောင်မြင်မှုတွေရယူပေးခဲ့သူပါ။ သူ့ကိုထုတ်ပယ်လိုက်တဲ့အသင်းရဲ့ဆုံးဖြတ်ချက်ကြောင့် ကစားသမားအချို့ ရှော့ခ်ရသွားခဲ့ပါတယ်"

"ဒါကြောင့် နည်းပြမရှိတော့တဲ့အသင်းအနေနဲ့ ဒီလိုပွဲမှာရှုံးနိုင်တယ်လို့ယူဆခံခဲ့ရပေမယ့် ကစားသမားတွေက ခံနိုင်ရည်အင်အားကိုပြသနိုင်ခဲ့ပါတယ်။ နည်းပြမရှိတော့တဲ့နောက်ပိုင်းမှာလည်း ဖြစ်လာတဲ့ပြဿနာတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး သရေတစ်မှတ်ရရှိစေခဲ့ပါတယ်။ မနက်ဖြန် ကျွန်တော်တို့လေ့ကျင့်ရေးဆင်းဖို့ရှိပါတယ်။ ဒီည အသင်းဆီကနေ တစ်စုံတစ်ရာအကြောင်းကြားမလာခဲ့ရင် ကျွန်တော်ပဲဆက်ပြီးတာဝန်ယူသွားမှာပါ။ တစ်ခုခုအပြောင်းအလဲမဖြစ်လာသေးသရွေ့ ကျွန်တော်ပဲ ဆက်လက်ဦးဆောင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပက်ဂွါဒီယိုလာကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ဂုဏ်ယူမိကြောင်းကိုလည်း မက်ဖာလိန်းက "ပက်ဂွာဒီယိုလာလို ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးနဲ့ ရင်ဆိုင်ခဲ့ရတာဟာ ဂုဏ်ယူစရာပါ။ သူက အရမ်းကို ယဉ်ကျေးပြီး လေးစားမှုရှိတဲ့သူပါ" လို့ပြောကြားခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ကလည်း "မန်စီးတီးကွင်းမှာ နှစ်သစ်ရဲ့ ပထမဆုံးပွဲအဖြစ် လာကစားရတာဟာ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦးအတွက် တိုက်ပွဲဝင်ခဲ့ကြတယ်။ ကစားသမားတွေ အများကြီး မပါဝင်နိုင်တဲ့ကြားက ကျန်တဲ့အသင်းဖော်တွေက တာဝန်ယူမှု အပြည့်နဲ့ ကစားသွားခဲ့လို့ ကစားသမားတွေအပေါ် ဂုဏ်ယူမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။