
နယူးကာဆယ်နဲ့ပွဲမှ အနီကတ်ပြစ်ဒဏ်ကို ဘက်တစ်နဲ့ပွဲမှာပြန်ဆပ်ရမယ်လို့ ဂျက်ဆန်ကို မာရက်စ်ကာသတိပေး
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက အသင်းရဲ့တိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှ အနီကတ်ပြစ်ဒဏ်ကို ရီးရဲလ်ဘက်တစ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ပြန်လည်ပေးဆပ်သွားရမယ်လို့ သတိပေးပြောကြားလာခဲ့ပါတယ်။
ယခုလအစောပိုင်းက ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အခြေအနေမှာ နယူးကာဆယ်နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဆိုပါပွဲစဉ်မှာ ဂျက်ဆန်တစ်ယောက် စောစောစီးစီးတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရမှုနဲ့တူ ၂-၀ နဲ့အရေးနိမ့်ခဲ့ပါတယ်။
တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကြောင့် ဂျက်ဆန်ဟာ ချဲလ်ဆီးရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့သလို၊ အခြားတိုက်စစ်မှူးတွေဖြစ်တဲ့ ခရစ္စတိုဖာအန်ကွန်ကူနဲ့ မာ့ခ်ဂွီယူတို့ကလည်း ဒဏ်ရာပြဿနာကြုံတွေ့နေရတာကြောင့် အဆိုပါပွဲစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း ချဲလ်ဆီးဟာ ၂ ပွဲစလုံးကို အနိုင်ရခဲ့လို့ နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအခါမှာတော့ ဘက်တစ်နဲ့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကစားသွားရတော့မှာဖြစ်ပါတယ်။
ဘက်တစ်နဲ့ပွဲစဉ်မှာ ဂျက်ဆန်တစ်ယောက် အသင်းဖော်တွေအပေါ်တင်နေတဲ့ အကြွေးကို ပေးဆပ်သွားရမယ့်အကြောင်း မာရက်စ်ကာက "ဒီပွဲမှာ သူပြန်ပေးဆပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ အသင်းဖော်တွေဆီမှာ သူအကြွေးတင်နေပါတယ်။ နယူးကာဆယ်နဲ့ယှဉ်ပြိုင်ခဲ့ရတဲ့ အဝေးကွင်းပွဲစဉ်က အသင်းအတွက် အရမ်းအရေးကြီးခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ဆန်က မိနစ် ၃၀ လောက်မှာပဲထွက်ခွာခဲ့ပြီး အသင်းဖော်တွေကို ၁ နာရီလောက်ပစ်ထားခဲ့ပါတယ်။ ဒါကြောင့် သူအကြွေးတင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့အမှားကို သူသိမယ်ဆိုတာလည်း သေချာပါတယ်။ ပြီးတော့ အဲဒီအနီကတ်ပြစ်ဒဏ်အတွက် အသင်းဖော်တွေကို သူတောင်းပန်ခဲ့ပါတယ်။ ဒီလိုတောင်းပန်တာက အရေးကြီးတဲ့လုပ်ရပ်ပါ။ ဘက်တစ်နဲ့ပွဲမှာတော့ သူပြန်ပေးဆပ်နိုင်မှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဂျက်ဆန်ဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအတွက် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှသာ စတင်ပါဝင်ခဲ့တာဖြစ်ပြီး ဒီဂျာဂါးဒင်းကိုအနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်က "သူ အမှားလုပ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒီရာသီမှာသူက အသင်းအတွက် အရမ်းအရေးပါတဲ့ကစားသမားတစ်ယောက်ပါ။ အသင်းကိုစရောက်ကတည်းက အဓိကအခန်းကဏ္ဍကနေ ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း ပါဝင်ကစားခဲ့ပါတယ်။ သူ အထုတ်ခံခဲ့ရပေမယ့် ပြီးတာက ပြီးပါပြီ။ ဒီအမှားကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါကိုမေ့ပစ်ပြီး မနက်ဖြန်အတွက် အာရုံစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။