
လိုက်ပ်ဇစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ကိုခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပြီး ၂ သင်းအကြား အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ တွန်းအားပေးလုပ်ဆောင်နေပြီဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ နယ်သာလန်လက်ရွေးစင်ကို ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ အမိအရခေါ်ယူနိုင်ဖို့ ယုံကြည်ထားတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ ဆိုင်မွန်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ လိုက်ပ်ဇစ်သို့အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာအသင်းမှထွက်ခွာကာ အသင်းသစ်သို့ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။
ကစားသမားဟာ နောက်ရာသီ ချန်ပီယံလိဂ်ကစားဖို့ မျှော်လင့်ထားတာကြောင့် ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီးနဲ့ ဆိုင်မွန်တို့အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိဖို့တော့ အခက်အခဲမရှိနိုင်ပါဘူး။ နယ်သာလန်သားဟာ ဘွန်ဒက်စ်လီဂါမှာ ၁၈ လကြာ အငှားစာချုပ်နဲ့ကစားခဲ့ပြီးနောက် မိခင်ကလပ် ပီအက်စ်ဂျီနဲ့ အပြီးသတ်လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်ဟာ ဆိုင်မွန်စ်ကိုခေါ်ယူဖို့ ပေါင် ၄၄ သန်းသာကုန်ကျခဲ့ပေမယ့် ယခုအခါမှာ ချဲလ်ဆီးသို့ ပေါက်သန်း ၆၀ နဲ့ရောင်းချဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဆိုင်မွန်စ်ဟာ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားစာရင်းထဲမှာပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၃ ပွဲကစားရာမှာ ၁၁ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှုသာမက ဂိုးသွင်းတဲ့အပိုင်းမှာပါ ကျွမ်းကျင်မှုရှိတဲ့နယ်သာလန်သားဟာ လိုက်ပ်ဇစ်ရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဆိုင်မွန်စ်ဟာ ဘယ်တောင်ပံနေရာမှာ အဓိက ကစားတတ်ပေမယ့် လိုအပ်ပါက ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်တဲ့ စွယ်စုံရဘောလုံးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့ကို ခပ်မြန်မြန်ပဲအကောင်အထည်ဖော်နေတာဖြစ်လို့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းကို လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ မြင်တွေ့သွားရတော့မှာဖြစ်ပါတယ်။