အစ်ဆွစ်ရဲ့အငြင်းပွားဖွယ်ရာ ပင်နယ်တီနဲ့ပတ်သက်ပြီး အမြင်ကို ပြောပြလာတဲ့ မာရက်စ်ကာ
ယနေ့နံနက် အစ်ဆွစ်အသင်းကို နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ အန်ဇိုမာရက်စ်ကာက အငြင်းပွားဖွယ် ပယ်နယ်တီနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။ ပွဲအစ အစောပိုင်းမှာပဲ အစ်ဆွစ်အသင်းက ပယ်နယ်တီတစ်လုံး ရရှိခဲ့ပါတယ်။ လီယမ်ဒီလပ်ပ်ဟာ ချဲလ်ဆီးဂိုးသမား ဖီလစ်ဂျော်ဂျင်ဆန်ရဲ့ ၁၈ ကိုက်စည်းအတွင်းမှာ ဖျက်ထုတ်ခံရတယ်လို့ သတ်မှတ်ခံခဲ့ရတာပါ။ ဒိုင်လူကြီး ဂျွန်ဘရွတ်စ်က ပယ်နယ်တီကို ချက်ချင်း လက်ညှိုးထိုးပြခဲ့ပြီး VAR ကလည်း ခဏတာ စစ်ဆေးပြီးနောက် သူ့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည်ပြသမှုတွေမှာ ဒီလပ်ပ်နဲ့ ဂျော်ဂျင်ဆန်ကြား ထိတွေ့မှု အနည်းငယ်သာ ရှိပုံရပြီး တိုက်စစ်မှူးဟာ အနည်းဆုံးတော့ ဟန်ချက် ပျက်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်က ဒီပယ်နယ်တီကို ဒီလပ်ပ်နဲ့ ဂျော်ဂျင်ဆန်ကြား ထိတွေ့မှု ရှိခဲ့တာကြောင့် ပေးခဲ့တာဖြစ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ "ဂျော်ဂျင်ဆန်က ဒီလပ်ပ်ကို ပြုလုပ်ခဲ့တဲ့ ဖျက်ထုတ်မှုအတွက် ဒိုင်လူကြီးရဲ့ ပယ်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို VAR က စစ်ဆေးပြီး ပယ်နယ်တီအတွက် လုံလောက်တဲ့ ထိတွေ့မှုရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မာရက်စ်ကာက ချဲလ်ဆီးအသင်းအနေနဲ့ ဒီဖြစ်ရပ်ကို မကျေမနပ် မဖြစ်သင့်ဘူးဆိုတဲ့ အံ့အားသင့်စရာ အမြင်ကို ပြောကြားခဲ့ပါတယ်။ "သူတို့ (ကစားသမားတွေ) က နည်းနည်း ပျော့တယ်လို့ ပြောကြပေမယ့် ဒါကို ပယ်နယ်တီအဖြစ် လက်ခံရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။ နည်းပြရဲ့ စကားတွေရှိပေမယ့် အန်ဇိုဖာနန်ဒက်ဇ်နဲ့ ကိုဝဲလ်တို့ဟာ ပွဲပြီးခါနီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ အဝါကတ်ပြခံရပြီး အန်ဇို ဖာနန်ဒက်ဇ်ဆိုရင် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အရမ်းဒေါသထွက်နေပုံရလို့ အစ်ဆွစ်ကစားသမားတွေနဲ့ အငြင်းအခုံ မဖြစ်အောင် တားဆီးခဲ့ရပါတယ်။
ပယ်နယ်တီလို့ ထင်လားလို့ မေးတဲ့အခါ ဒီလပ်ပ်က ဂျော်ဂျင်ဆန်က သူ့ကို ထိတွေ့ခဲ့လား မထိတွေ့ခဲ့လား သေချာမသိဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒီလပ်က"ဘာက ကျွန်တော့်ကို ထိသွားလဲ မသိပေမယ့် တစ်ခုခုတော့ ထိသွားပါတယ်" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ "ကျွန်တော် ဂျော်ဂျင်ဆန် မရောက်ခင် အဲဒီကို ရောက်အောင် ကြိုးစားခဲ့တာပါ၊ သူက အရှိန်နဲ့ ထွက်လာတာကြောင့် ကျွန်တော် သူ့ကို မကျော်နိုင်ရင် သူ ကျွန်တော့်ကို ထိလိမ့်မယ်ဆိုတာ သိပါတယ်"
"ကျွန်တော်တို့ ရသင့်တဲ့ ပယ်နယ်တီ သုံးလေးကြိမ်လောက် မရခဲ့တဲ့ အခွင့်အရေးတွေ ရှိခဲ့တာကြောင့် အဲဒီတစ်လုံး ရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့တာ ကောင်းပါတယ်။ ကျွန်တော် အဲဒါတွေကို အကြိမ်ပေါင်း သန်းနဲ့ချီ လေ့ကျင့်ခဲ့တာကြောင့် ထောင့်ကိုပဲ ချိန်ရွယ်ပြီး ကန်ထည့်လိုက်တာပါ"လို့ ပြောခဲ့ပါတယ်။