
အစ်ဝှစ်ကိုသရေကျပြီးနောက် အနာဂတ်မသေချာတဲ့အနေအထားဖြစ်လာတဲ့ မာရက်စ်ကာ
စိတ်ပျက်ဖွယ်ရာ အစ်ဝှစ်တောင်းအသင်းကို သရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာရဲ့အနာဂတ်က မသေချာတဲ့အနေအထားဖြစ်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က အစ်ဝှစ်ကို ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး သရေတစ်မှတ်သာရယူနိုင်ခဲ့ပါတယ်။ မာရက်စ်ကာလက်အောက်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၂ ပွဲအတွင်း ၄ မှတ်အထိလျော့ကျခဲ့ပါတယ်။
လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၅ နေရာက စီးတီးနဲ့ ၁ မှတ်သာကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အနေအထားက ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ ဒီဇင်ဘာကတည်းက အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းလာမှုနဲ့အတူ မာရက်စ်ကာရဲ့အနာဂတ်က မသေချာတဲ့အနေအထားဖြစ်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ အီလတီသားကို ဆက်လက်ယုံကြည်နေဆဲဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအတွင်းပိုင်းထဲကလာတဲ့သတင်းတွေအရ “အသင်းမှာရှိတဲ့လူတိုင်းက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရယူစေချင်နေပါတယ်။ အန်ဇို နဲ့ ဘုတ်အဖွဲ့ကြားမှာလည်း ပြောဆိုထားတာတွေရှိပါတယ်။ တကယ်လို့ ဒီရာသီမှာ အဲ့တာတွေဖြစ်မလာခဲ့ရင် မေးခွန်းတွေရှိလာနိုင်ပါတယ်။ ဒါပေမယ့် အန်ဇိုနဲ့ပဲ ရှေ့ဆက်သွားနိုင်ချေလည်းရှိနေပါတယ်”လို့ ဆိုပါတယ်။ချဲလ်ဆီးဟာ လာမယ့်ကြာသပတေးနေ့မှာ လီဂီယာဝါဆောအသင်းနဲ့ ကွန်းဖရန့်လိဂ်ဒုတိယအကျော့ကန်ရမှာဖြစ်ပြီး ပထမအကျော့တုန်းက ၃-၀ နဲ့အနိုင်ရရှိထားခဲ့ပါတယ်။