The network connection is lost.

Banner Image

ဟွိုက်လန်းကို လျှော့ဈေးနဲ့ခေါ်ယူဖို့ ကြိုးစားလာတဲ့ အင်တာမီလန်

အင်တာမီလန်ဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်မှ လျှော့ဈေးနဲ့ထွက်ခွာလာနိုင်တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ဟွိုက်လန်းဟာ စီးရီးအေမှာရှိစဉ်က တောက်ပတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် အီတလီကလပ်တွေဖြစ်တဲ့ နာပိုလီနဲ့ ဂျူဗင်တပ်စ်တို့ရဲ့စောင့်ကြည့်ခြင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ သို့သော်လည်း ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးဆုံးရှုံးထားတဲ့ အင်တာမီလန်က လက်ဦးမှုရယူနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်တော့မယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲအတွင်း ၄၄ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်းမှာဂိုးရဖို့အတော်လေးရုန်းကန်နေရကြောင်း ပေါ်လွင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုး ၄၄ ဂိုးထဲမှ ဟွိုက်လန်းအနေနဲ့လည်း ၄ ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ၂၀၂၃ နွေရာသီမှာ အတ္တလန္တာမှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြဖို့ ၂ ရာသီဆက်တိုက်ရုန်းကန်ခဲ့ရပါတယ်။ 

လက်ရှိအချိန်မှာတော့ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ တိုက်စစ်ပိုင်းကို စတင်အင်အားဖြည့်တင်းနေပြီဖြစ်ပြီး ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာကို ပြောင်းရွှေ့ကြေးပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူထားပြီဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ နောက်ထပ်ကစားသမားသစ်တွေထပ်မံခေါ်ယူနိုင်ဖို့ ဘဏ္ဍာငွေလိုအပ်နေတာကြောင့် ဟွိုက်လန်းကိုလည်း သင့်တင့်တဲ့ဈေးနှုန်းနဲ့ရောင်းချသွားဖွယ်ရှိပါတယ်။