
The network connection is lost.

လီဗာပူးနောက်ခံလူဟောင်း ဂျင်မီကာရေဂါက ဒေးဗစ်ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့လုပ်ရပ်ကို ထောက်ခံပြောကြားလိုက်ပြီး အာရွန်ရမ်စ်ဒေးလ်နဲ့ဆိုရင် ပရီးမီးယားလိဂ်မရနိုင်လောက်ဘူးလို့ အခိုင်အမာဆိုလိုက်ပါတယ်။ ရာယာဟာ နွေရာသီတုန်းက ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်အသင်းထံ အငှားနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး ရာသီအကုန်မှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါရှိတာဖြစ်ပါတယ်။
ရမ်စ်ဒေးလ်ဟာ ပထမဆုံးပရီးမီးယားလိဂ် ၄ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ရာယာက တနင်္ဂနွေနေ့က အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲ နဲ့ ပီအက်စ်ဗွီကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရှမိုက်ကယ်ကတော့ ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်ပြီး အာတီတာ အနေနဲ့ ပြဿနာဖန်တီးနေတယ်လို့ ဆိုပါတယ်။
“ကျွန်တော်ကတော့ သဘောမကျပါဘူး။ အသင်းဂိုးသမားနေရာမှာ ဘာကြောင့် ပြိုင်ဆိုင်မှုဖန်တီးလဲဆိုတာ ကျွန်တော်နားမလည်နိုင်ဖြစ်ရပါတယ်။ ဂိုးသမား တစ်ဦးဆီကနေ တည်ငြိမ်တဲ့စွမ်းဆောင်ရည်လိုချင်တယ်ဆိုတာသိပါတယ်။ ဂိုးသမားတွေက သူ့နေရာမှာ လှုပ်ရှားကစားနေရတာပါ။ ဖြစ်လာမယ့် အနေအထားကိုလည်း တားဆီးရပါတယ်။ ဂိုးသမားတစ်ဦးရဲ့အလုပ်က ဂိုးပေါက်ထဲဘောလုံးမဝင်အောင် တားဆီးရမှာပါ။ တကယ်လို့ ပြိုင်ဆိုင်ရမယ့်အခြေအနေဆိုရင် ကျွန်တော်က အခြားဂိုးသမားတစ်ဦးထက်ပိုကောင်းတဲ့ ဂိုးသမားဆိုတာ သက်သေပြနိုင်ပါတယ်။ အာတီတာရဲ့လုပ်ရပ်က ရူးမိုက်သလိုပါပဲ။ သူက ဂိုးသမား ၂ ဦးကြားမှာ ပြဿနာဖန်တီးနေသလိုပါပဲ”လို့ ရှမိုက်ကယ်က ပြောကြားခဲ့ပါတယ်။
ကာရေဂါကတော့ အာတီတာရဲ့လုပ်ရပ်ကို ထောက်ခံလိုက်ပြီး အသင်းကို ပိုကောင်းလာစေတယ်လို့ ဆိုလိုက်ပါတယ်။ “ကျွန်တော်နားလည်တာကတော့ အသင်းမှာ တူညီတဲ့အရည်အချင်းရှိတဲ့ဂိုးသမား ၂ ဦးရှိတာက ကောင်းတယ်လို့ ထင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်လာနိုင်ပေမယ့် အာတီတာက ပိုကောင်းတဲ့ဂိုးသမားကိုပဲ နေရာပေးမှာပါ။ အာတီတာရဲ့လုပ်ရပ်က အသင်းကို ပိုကောင်းလာစေပါတယ်။ ရာယာက ရမ်စ်ဒေးလ်ထက်ပိုကောင်းပါတယ်။ ရမ်စ်ဒေးလ်နဲ့ဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ်မရနိုင်ပါဘူး။ ရမ်စ်ဒေးလ်က အာဆင်နယ်အတွက် ကစားခွင့်ရနေပေမယ့် အင်္ဂလန်မှာတော့ ပါဝင်ခွင့်မရပါဘူး”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
ရှမိုက်ကယ်ကတော့ ကာရေဂါရဲ့ပြောကြားချက်ကို ငြင်းဆန်ခဲ့ပြီး ပြဿနာဖန်တီးနေတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။