The network connection is lost.

Banner Image

ကစားသမားဘဝတစ်လျှောက် သူ့အတွက် အကောင်းဆုံးနည်းပြမှာ ဂါရတ်ဆောက်ဂိတ် မဟုတ်ကြောင်း ပြောကြားလာတဲ့ ထရစ်ပီယာ

အင်္ဂလန်နဲ့ နယူးကာဆယ်ကြယ်ပွင့် ကီရန်ထရစ်ပီယာက သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးပြဘယ်သူဖြစ်တယ်ဆိုတာကို မေးမြန်းရာမှာ ဂါရတ်ဆောက်ဂိတ်ကို ရွေးချယ်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

ထရစ်ပီယာဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံထားရပြီး ဒီပြိုင်ပွဲဟာ သူ့အတွက် စတုတ္ထမြောက်နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး လုခ်ရှောက ဒဏ်ရာပြဿနာနဲ့လွဲချော်မှာ ဖြစ်တာကြောင့် အသင်းရဲ့ဘယ်နောက်ခံနေရာကို တာဝန်ယူကစားသွားရမှာဖြစ်ပါတယ်။

အသက်-၃၃ နှစ်အရွယ် ကစားသမားဟာ ၂၀၂၂ ခုနှစ်ဇန်နဝါရီလ အက်သလက်တီကိုကနေ နယူးကာဆယ်သို့ စတင်ရောက်ရှိလာခဲ့ကတည်းက ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပေါ်လွင်ထင်ရှားလာခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလည်း နယူးကာဆယ်အတွက် ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။  ကစားသမားဟာ မတ်လနဲ့ မေလအကြားမှာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် တိုးတက်မှုဆုတ်ယုတ်ခဲ့ပေမယ့် ရာသီမကုန်ခင်မှာပဲ ပြန်လည်သက်သာလာခဲ့တာကြောင့် ယခုအချိန်မှာတော့ တည်ငြိမ်တဲ့ခြေစွမ်းကို ပြန်လည်ထိန်းသိမ်းထားနိုင်ပြီဖြစ်ပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင်မှာတော့ ဂယ်ရီနဗီးလ် ဦးဆောင်တဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ ပါဝင်လာတဲ့ နောက်ခံလူဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဘယ်နည်းပြက အကောင်းဆုံးလဲလို့ မေးမြန်းခံခဲ့ရပါတယ်။ ထရစ်ပီယာဟာ ကစားသမားဘဝမှာ ရော်ဘတ်တိုမန်စီနီ၊ မော်ရီစီယိုပိုချက်တီနို၊ ဒီယေဂိုဆီမြွန်နီ၊ ဂါရတ်ဆောက်ဂိတ်နဲ့ လက်ရှိ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီတို့လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။

သို့သော်လည်း နောက်ခံလူကတော့ “ကျွန်တော်ကတော့ ဆီမြွန်နီလို့ပဲပြောချင်ပါတယ်။ ဆောရီးပါ အက်ဒီ(ဟိုဝီ)” လို့ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ထရစ်ပီယာက ဆီမြွန်နီရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး “ဘယ်ပွဲပဲဖြစ်ဖြစ် ပွဲစဖို့ မိနစ် ၄၀ လောက်အလိုမှာ သူ့ကို စင်္ကြံနဲ့ လျှောက်လမ်းပေါ်မှာ တက်လိုက်ဆင်းလိုက်လုပ်နေတာကို အမြဲတမ်းမြင်တွေ့ရပါလိမ့်မယ်။ သူဘာတွေစဉ်းစားနေတာလဲတော့ ကျွန်တော်လဲမသိပါဘူး။ ဒါပေမယ့်သူက အားဖြည့်အချိုရည် ၅ ဘူးလောက်သောက်ထားသလို တက်ကြွနေပြီး လုံးဝလည်း မထိုင်ပါဘူး။ တကယ်လို့ ကစားသမားတစ်ယောက်က အမြဲတမ်းပြေးမနေဘူးဆိုရင် ဘောလုံးကစားနေတာမဟုတ်ဘူးလို့ သူကသတ်မှတ်ပါတယ်။ မန်နေဂျာတစ်ယောက် အနေနဲ့တော့ သူက မယုံနိုင်စရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။