The network connection is lost.

Banner Image

အာဆင်နယ် ကံကောင်းသွားတယ်လို့ ခနဲ့တဲ့တဲ့ပြောဆိုလိုက်တဲ့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်

ဒီနေ့မနက်ပိုင်း ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ သူတို့ကို အနိုင်ရသွားတဲ့ အာဆင်နယ်အသင်းဟာ ကံကောင်းလွန်းခဲ့တယ်လို့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။
 
ဒီပွဲစဉ်မှာ ဂန်းနားတွေက ပွဲထွက်လူစာရင်းပိုင်းကို အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး အခုဘောလုံးရာသီ ပွဲထွက်ခွင့်နည်းပါးနေတဲ့ ကီဝီအော၊ စမစ်ရိုနဲ့ နယ်လ်ဆင်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်နည်းပြအာတီတာက လူငယ်ကြယ်ပွင့်ချားစ်ချာဂိုးဂျူနီယာကို ပွဲထွက်ခွင့်ပေးအပ်ခဲ့သလို ရမ့်စ်ဒေးကိုလည်း အသင်းရဲ့ဂိုးပေါက်မှာ တာဝန်ယူစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲဆက် နေရာပျောက်ခဲ့တဲ့ ရမ့်စ်ဒေးက အခုပွဲစဉ်မှာ အာဆင်နယ်အသင်းဂိုးပေါက်ကို အကောင်းဆုံးကာကွယ်စောင့်ရှောက်ပေးခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်းပွဲချိန်အတွင်း အိမ်ရှင်ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်လှိုင်းလုံးတွေကို လက်စွမ်းပြတားဆီးပေးခဲ့ပါတယ်။
 
အိမ်ကွင်းနောက်ဆုံးနှစ်ပွဲဆက်အရှုံးရလဒ်ပိုင်ဆိုင်ခဲ့တဲ့ ဖရန့်က “ပထမပိုင်းမှာ စွမ်းဆောင်ရည်ကောင်း တစ်ခုရှိခဲ့တယ်ဆိုရင် ဒုတိယပိုင်းစွမ်းဆောင်ရည်ကတော့ တကယ်ကို ပြောင်မြောက်လွန်းပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ ကျွန်တော်တို့အသင်း ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေနဲ့အတူ ဒီလိုအခြေအနေတွေအောက်က ရုန်းထွက်နိုင်ခဲ့တာ အရမ်းကံကောင်းသွားတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က အခိုက်အတန့်ကောင်းတွေဖန်တီးပြီး အမြင့်မားဆုံးနဲ့ အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ကာ ဘောလုံးပိုင်ဆိုင်မှုတွေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းက အခွင့်အရေးအားလုံး ဖန်တီးနိုင်ခဲ့ပြီး နောက်တစ်ရက်လောက်ဆိုရင်တော့ သူတို့ကို ဂိုးသွင်းနိုင်ပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့အတွက် ဘာတစ်ခုမှမရရှိခဲ့တာကို လက်ခံပေးဖို့ဆိုတာ အတော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ၂၄ နာရီစည်းမျဉ်းအရ မနက်ဖြန်ဆိုရင်တော့ ကျွန်တော် အရမ်းစိတ်ပျက်နေဖို့ မရှိတော့ပါဘူး။ ကျွန်တော်တို့တွေ အပြုသဘောဆောင်ရှေ့ဆက်သွားဖို့ပဲ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
 
အလားတူ အာဆင်နယ်က ကာရာဘောင်ဖလားစတုတ္ထအဆင့်မှာ နောက်ထပ်လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဂန်းနားနည်းပြအာတီတာကတော့ ဆုဖလားဆုတံဆိပ်တွေ ရရှိစေမယ့် အခွင့်အရေးအစစ်အမှန်ဖြစ်တဲ့ ပြိုင်ပွဲလမ်းကြောင်းမှာ ဆက်ရှိနေရခြင်းအပေါ် ကျေနပ်အားရနေပါတယ်။
 
အာတီတာက “ဒီပြိုင်ပွဲလမ်းကြောင်းမှာ ကိုယ်ထွက်ရင်ထွက်၊ မဟုတ်ရင် ပြိုင်ဘက်ထွက်ရပါမယ်။ အခုတော့ ကျွန်တော်တို့ ဒီလမ်းကြောင်းမှာ ဆက်ရှိနေပါတယ်။ အတော်လေးကို မတူကွဲပြားတဲ့ ပွဲချိန်နှစ်ခုပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့တယ်။ နောက်ထပ်အခွင့်အရေးတွေလည်း ဖန်တီးနိုင်ပေမယ့် အသုံးမချနိုင်ခဲ့ပြန်ဘူး။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဘရန့်ဖို့ဒ်ဆီက ပိုပြင်းထန်တဲ့ ချဉ်းကပ်မှုတစ်ခု မြင်တွေ့ခဲ့ရပြီး ကျွန်တော်တို့ ကစားကွက်တည်နိုင်ဖို့တောင် ရုန်းကန်ခဲ့ရပါတယ်”
 
“ကျွန်တော်တို့ကလည်း တိုက်စစ်ကို တိုက်ရိုက်ဆန်ဆန်ကစားလွန်းခဲ့တော့ ပိုပြီးခက်ခဲစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေ၊ ဖရီးကစ်တွေနဲ့ လက်ပစ်ဘောကို အဝေးကြီး မြှောက်ပေးမှုတွေရှိလာခဲ့လို့ပါ။ အချိန်တိုင်း ဒီလိုအရာတွေကို ကာကွယ်ရမှာဖြစ်ပြီး လူတိုင်းလည်း ဒီအနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ခံစစ်မှာ စုစည်းထားခဲ့ရပါတယ်။ ဒီနေရာမှာတော့ သူတို့တွေ အတော်လေးကို ကောင်းခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံး မကစားနိုင်တော့ချိန်မှာ ကြီးမားတဲ့ခံစစ်ပိုင်း ကာကွယ်မှုအခိုက်အတန့်တွေ ရှိဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ဂိုးစည်းထဲမှာ ပိတ်ဆို့မှုကြီးကြီးမားမားတွေ လုပ်ဆောင်နိုင်ခဲ့သလို ရမ်စ်ဒေးကလည်း ကောင်းမွန်တဲ့ဂိုးပေါက်ကာကွယ်မှု တစ်ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။