ကိုပါအမေရိက ရှုံးပွဲအတွက် တာဝန်အပြည့်ယူသွားမယ်လို့ ဘရာဇီးနည်းပြ ဒိုရီဗယ် ပြောကြား
ဘရာဇီးနည်းပြ ဒိုရီဗယ်က ကိုပါအမေရိကရှုံးပွဲအတွက် တာဝန်အပြည့်ယူသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ဘရာဇီးအသင်းဟာ နောက်ဆုံး ၁၅ မိနစ်မှာ ၁ ယောက်အသာနဲ့ကစားခဲ့ရပေမယ့် အခွင့်အရေးမယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းမှာ ဗင်နီဆီးယက်စ် ၊ ရိုဒရီဂို ၊ အန်းဒရစ်ခ်တို့လို အရည်အချင်းပြည့်ဝတဲ့လူငယ်ကစားသမားတွေရှိနေပေမယ့် ခြေစွမ်းကောင်းတွေတော့ မပြသနိုင်ခဲ့တာဖြစ်ပါတယ်
အုပ်စုအဆင့်မှာလည်း ဘရာဇီးဟာ ပါရာဂွေးတစ်သင်းတည်းကိုသာ အနိုင်ရခဲ့ပြီး ကော်စတာရီကာနဲ့ ကိုလံဘီယာတို့ကို သရေကျခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ကွာတားဖိုင်နယ်မှာတော့ ဥရုဂွေးနဲ့သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ အရေးနိမ့်ခဲ့ပါတယ်။
“ဒီလိုအလုပ်မျိုးဆိုတာ အများကြီးစိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်မှာ အတွေ့အကြုံရှိပြီးသားပါ။ ဒီလိုမျှော်လင့်မထားတဲ့ရလဒ်တွေဖြစ်တတ်ပါတယ်။ သူတို့အတွက် ကျွန်တော်အပြည့်အဝတာဝန်ယူပါတယ်။ ဒါပေမယ့် ဒီအသင်းမှာ တိူးတက်ဖို့လိုအပ်နေတဲ့အခန်းတွေရှိနေပါတယ်”လို့ ဒိုရီဗယ်က ပြောကြားခဲ့ပါတယ်။
ဘရာဇီးဟာ ၂၀၁၉ တုန်းက ကိုပါအမေရဖလားကို ရယူနိုင်ခဲ့တာဖြစ်ပြီး အဲ့နောက်ပိုင်း ၁၀ ကြိမ်မြောက်ကိုပါဖလားရယူနိုင်ဖို့ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။ အခုချိန်မှာလည်း ကွာတားဖိုင်နယ်ကနေပဲ ထွက်ခွာခဲ့ရတာကြောင့် ၂၀၂၈ အထိ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ အာဂျင်တီးနားအသင်း နဲ့ ဥရုဂွေးအသင်းကတော့ ၁၅ ကြိမ်စီနဲ့ ပူးတွဲရပ်တည်နေပါတယ်။
ဒိုရီဗယ်ကို ၂၀၂၄ ဇန်နဝါရီတုန်းက ခန့်အပ်ခဲ့တာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအထိ စာချုပ်သက်တမ်းရှိနေပါတယ်။ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ စိတ်ပျက်စရာဖြစ်ခဲ့ပြီးနောက် ဘရာဇီးအနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် သေချာလေးပြင်ဆင်ရဖွယ်ရှိနေပါတယ်။
ဘရာဇီးဟာ လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် အီကွေဒေါ ၊ ပါရာဂွေးတို့နဲ့ စက်တင်ဘာမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။