The network connection is lost.

Banner Image

ကိုးလ်ပယ်လ်မာဆီမှ သူမျှော်လင့်ထားတဲ့အရာကို နှစ်ကိုယ်ကြားထုတ်ဖော်ပြောပြခဲ့တယ်လို့ ဆိုလာတဲ့ အန်ဇိုမာရက်စ်ကာ

ရီးရဲလ်ဘက်တစ်နဲ့ပွဲစဉ်အတွင်း ပျင်းစရာကောင်းခဲ့တယ်ဆိုတဲ့ အသင်းကြယ်ပွင့်ရဲ့စောဒကတက်မှု ထွက်ရှိလာပြီးနောက် ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ပွဲစဉ်တွေမှာ ကိုယ်ပိုင်အစွမ်းအစတွေ ပိုမိုထုတ်ပြသွားဖို့အတွက် ကိုးလ်ပယ်လ်မာဆီ စိန်ခေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လ၊ ဘက်တစ်ကိုအနိုင်ရရှိခဲ့တဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲအတွင်း အသင်းရဲ့ဘောလုံးဘေးတိုက်ပေး၊ နောက်ပြန်ပေးပုံစံတွေကို စိတ်ပျက်မိတယ်ဆိုတဲ့ အင်္ဂလန်လက်ရွေးစင်ရဲ့ စောဒကစကားထွက်ရှိလာပြီးနောက် ပယ်လ်မာအနေဖြင့် သူ့ရဲ့အစွမ်းအစတွေကို ပွဲစဉ်တွေမှာ ပိုမိုပြသသွားရမယ်လို့ မာရက်စ်ကာက ပြောခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ချဲလ်ဆီးက လာလီဂါကလပ်ကို နောက်မှလိုက်ကစားခဲ့ရပေမယ့် ပယ်လ်မာရဲ့ ဂိုးဖန်တီးမှုနှစ်ကြိမ်နဲ့အတူ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အခုကလပ်ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် LAFC ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာတော့ ဖန်တီးမှုစွမ်းရည်တွေ ပြသနိုင်ခြင်းနဲ့အတူ ပယ်လ်မာကိုယ်တိုင်လည်း နည်းပြရဲ့အမှာစကားတွေကို မှတ်သားနာယူလာပုံရပါတယ်။ အဲ့ဒီပွဲစဉ်မှာ သူက ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့် ပြိုင်ဘက်အသင်းခံစစ်ဇုန်အထိ ဝင်ရောက်ကစားပြီး အခွင့်အရေးတစ်ကြိမ် ဖန်တီးပေးခဲ့ပါတယ်။

ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အနိုင်ရရှိမှုအပြီး မာရက်စ်ကာက “ ကျွန်တော်နဲ့ ကိုးလ်ပယ်လ်မာတို့ စကားပြောဖြစ်ခဲ့ပါတယ်။ ဘောလုံးကို တာဝန်ယူမှုရှိရှိ၊ အစွမ်းအစအပြည့်ကစားမှုမှာ သူပိုင်ဆိုင်ခဲ့ဖူးတဲ့ပုံစံမျိုးကို အရမ်းသဘောကျတယ်လို့ ကျွန်တော် သူ့ဆီ ပြောပြခဲ့ပါတယ်။ သူက ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်မှုပြန်ရဖို့၊ ပြိုင်ဘက်နဲ့တစ်ဦးချင်းရင်ဆိုင်ဖို့် ကြိုးစားကစားခဲ့ဖူးပါတယ်။

ဒါကပဲ ကျွန်တော်တို့မျှော်လင့်ထားတဲ့ ကိုးလ်ပယ်လ်မာပါ။ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲအပြီးမှာ သူက ဘောလုံးတွေ ခဏခဏလက်ခံပေးနေရတာ ပျင်းစရာကောင်းပြီး ထူးခြားမှုတစ်ခုခုဖြစ်လာအောင် လုပ်သွားဖို့ ဆုံးဖြတ်လိုက်ပြီလို့ ပြောခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးအပြီး နောက်တစ်ရက်မှာပဲ ကျွန်တော်က သူ့ဆီ ‘ ပွဲစချိန်ကတည်းက အဲ့ဒါမျိုးလုပ်နိုင်မယ်လို့ယုံကြည်ရင် ဘာကြောင့်အချိန်အကြာကြီး စောင့်နေသေးတာလဲ? ပွဲစလာချိန်မှာ အဲ့ဒါမျိုး ဘာလို့မလုပ်ချင်တာလဲ?’လို့ ပြောခဲ့ပါတယ်။

LAFC နဲ့ပွဲစဉ်မှာတော့ ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း ကိုးလ်ပယ်လ်မာ အတိအကျလုပ်ပြသွားခဲ့ပါတယ်။ ကိုးလ်ပယ်မာဆိုတာ ကျွန်တော့်တို့အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ကျွန်တော်ကိုယ်တိုင် အကြိမ်များစွာ ပြောခဲ့ဖူးလို့ သူ့ဆီမှာ အခုလိုစွမ်းဆောင်ရည်မျိုး မြင်တွေ့ရချိန် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်မိပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ မှန်ကန်တဲ့အရာတွေ သူ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

ကိုးလ်ပယ်လ်မာနဲ့ ချဲလ်ဆီးအသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်အဖြစ် တူးနစ်ကို နှစ်ဂိုးပြတ်အနိုင်ရရှိထားတဲ့ ဖလာမင်ဂိုနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။