
လာမယ့်နွေမှာ ဗီလာစတားကို အာဆင်နယ် နဲ့ ချဲလ်ဆီးတို့ ခေါ်ယူနိုင်မှာမဟုတ်ကြောင်း ဖော်စတာ ယုံကြည်နေ
ယူနိုက်တက်ဂိုးသမားဟောင်း ဘန်ဖော်စတာက ချဲလ်ဆီး နဲ့ အာဆင်နယ်တို့အနေနဲ့ လာမယ့်နွေမှာ ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ မာတီနက်ဇ်ဟာ ၂၀၂၀ တုန်းက အာဆင်နယ်ကနေ ဗီလာအသင်းထံပြောင်းလာခဲ့တာဖြစ်ပြီး အဲ့ကတည်းက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။
အာဂျင်တီးနားအသင်းအတွက် ၄၉ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တဲ့ မာတီနက်ဇ်ဟာ နိုင်ငံအသင်းကို ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ရွှေလက်အိတ်ဆုကိုပါရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ၂၀၂၃ နဲ့ ၂၀၂၄ မှာ ယာရှင်ဆုကိုပါရယူနိုင်ခဲ့ပြီး အကောင်းဆုံးဂိုးသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်သားဟာ ဗီလာအသင်းအတွက် ၁၉၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး ၂၀၂၂ နဲ့ ၂၀၂၄ မှာ ဖီဖာရဲ့အကောင်းဆုံး ၁၁ ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဗီလာ နဲ့ မာတီနက်ဇ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၉ အထိ ကျန်ရှိနေပြီး အသင်းကနေထွက်ခွာနိုင်ချေနည်းပါးတာဖြစ်ပါတယ်။ ယူနိုက်တက်ဂိုးသမားဟောင်း ဖော်စတာကလည်း မာတီနက်ဇ်အနေနဲ့ အာဆင်နယ် နဲ့ ချဲလ်ဆီးထံပြောင်းမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။
ဖော်စတာက မာတီနက်ဇ်အနေနဲ့ ချဲလ်ဆီး နဲ့ အာဆင်နယ်ထက် ပိုကောင်းတဲ့အသင်းတစ်သင်းထံပြောင်းရွှေ့ဖို့များတယ်လို့ ထင်မြင်နေပါတယ်။ အင်တာဗျူးတစ်ခုမှာ ဖော်စတာက “ဘာမှသံသယရှိစရာမလိုပါဘူး။ ကျွန်တော်ကတော့ မာတီနက်ဇ်တစ်ယောက် ထိပ်တန်းအသင်းကြီးတစ်သင်းဆီကိုပဲပြောင်းမယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးကိုကော အာဆင်နယ်ကိုပါ သူပြောင်းမှာမဟုတ်ပါဘူး။ သူပိုကြီးတဲ့အသင်းဆီကိုပြောင်းနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဖော်စတာရဲ့ပြောကြားချက်အရ မာတီနက်ဇ်အနေနဲ့ လာလီဂါထိပ်သီးအသင်း ၂ သင်းဖြစ်တဲ့ ရီးရဲလ် နဲ့ ဘာစီလိုနာအသင်းတွေထဲကတစ်သင်းသင်းဆီကို ပြောင်းနိုင်ချေများနေပါတယ်။ ရီးရဲလ်ပြောင်းနိုင်ချေနဲ့ပတ်သက်လို့ ဖော်စတာက “ရီးရဲလ်မှာက ကော်တိုရစ်ရှိနေပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ယောက်ပါ။ အဲ့တာကြောင့် ဖြစ်နိုင်ချေနည်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မာတီနက်ဇ်ဟာ အာဆင်နယ်မှာ ၁၀ နှစ်ကြာဖြတ်သန်းခဲ့တာဖြစ်ပြီး အာတီတာ ဗီလာထံမရောင်းခင် ၂၀၂၀ တုန်းက အက်ဖ်အေဖလားရယူနိုင်ခဲ့ပါတယ်။ မာတီနက်ဇ်တစ်ယောက် ဗီလာထံမပြောင်းခင် အာဆင်နယ်မှာ ၃၈ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး ၁၀၀% ပွဲထွက်ခွင့်အာမခံချက်မရခဲ့တာကြောင့် အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။