The network connection is lost.

Banner Image

နည်းပြသစ်မာရက်စ်ကာ ရောက်ရှိလာပြီးနောက် ချဲလ်ဆီးမှာ အနာဂတ်မသေချာတော့တဲ့ ဘန်ချီဝဲလ်

ချဲလ်ဆီးနောက်ခံလူ ဘန်ချီဝဲလ်ဟာ အသင်းသို့နည်းပြသစ် အန်ဇိုမာရက်စ်ကာ ရောက်ရှိလာပြီးနောက်မှာတော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်နေထိုင်ဖို့ အနာဂတ် မသေချာတော့ဘူးလို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ယခုနွေရာသီအစောပိုင်းမှာ ချဲလ်ဆီး နည်းပြသစ်အဖြစ် မော်ရီစီယိုပိုချက်တီနိုရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ မာရက်စ်ကာဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ လက်စတာ နည်းပြဟောင်းဟာ ချဲလ်ဆီးမှာ စွယ်စုံရကစားသမားတွေနဲ့ပဲ လက်တွဲလုပ်ဆောင်လိုနေပြီး မာစတာပလန်တစ်ခုကို စတင်အကောင်အထည်ဖော်လိုနေတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ အီတလီလက်ရွေးစင်နောက်ခံလူ ရီကာဒိုကာလာဖီအိုရီကို ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး မာရက်စ်ကာက အဆိုပါဘယ်သန်ကစားသမားကို အသင်းရဲ့ဘယ်နောက်ခံနေရာမှာ အသုံးချလိုနေတာဖြစ်ပါတယ်။ မာရက်စ်ကာအနေနဲ့  ချဲလ်ဆီးမှာ နောက်တန်း ၃ ယောက်တွဲခံစစ်ကို ကစားမယ်ဆိုရင်တော့ ရီစီဂျိမ်းစ်းနဲ့ မာ့ခ်ကူကူရယ်လာတို့ကို အသုံးပြုသွားမှာဖြစ်ပြီး ကူကူရယ်လာကို ဘယ်ဘက်ခြမ်းမှာ ကွင်းလယ်နဲ့နောက်ခံနေရာကို အတက်အဆင်းကစားစေမှာဖြစ်ပါတယ်။

ယခုနွေရာသီမှာ ချဲလ်ဆီးဟာ အသင်းရဲ့ဗဟိုနောက်ခံလူ ချာလိုဘက်ကို ရောင်းချဖို့ပြင်ဆင်နေတဲ့အပြင် အင်္ဂလန်လက်ရွေးစင် ဘန်ချီဝဲလ်ကလည်း မာရက်စ်ကာအတွက် အပိုလူဖြစ်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာ အင်္ဂလန်လူစာရင်းအတွက်ရွေးချယ်ခံထားရတဲ့ ကွင်းလယ်လူ ကော်နာဂယ်လာဟာကလည်း အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်တို့ရဲ့ ချိတ်ဆက်မှုတွေကြောင့် အသင်းမှာဆက်ရှိနေဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ရာသီကြိုပြင်ဆင်မှုတွေကို ယခုအပတ် ကြာသပတေးနေ့မှာပဲ ယူရို ၂၀၂၄ မှာပါဝင်ခွင့်မရတဲ့ကစားသမားတွေနဲ့ စတင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ ကျန်တဲ့ကစားသမားတွေကိုတော့ ယခုလနောက်ပိုင်း အမေရိကန်သို့သွားရောက်ရမယ့် ရာသီကြိုခြေစမ်းခရီးစဉ်မတိုင်မီမှာပဲ ပြန်လည်စုစည်းသွားနိုင်မှာဖြစ်ပါတယ်။