ဒူးဒဏ်ရာကြောင့် နောက်ထပ်တစ်ဖန် အနားယူရဦးမယ့် ဘန်ချီဝဲလ်
ချဲလ်ဆီးနောက်ခံလူ ဘန်ချီဝဲလ်ဟာ မကြာသေးမီက ဒဏ်ရာပြဿာနာတွေနဲ့ ရုန်းကန်နေရာကနေ ပြန်လည် သက်သာလာခဲ့ပေမယ့် ယခုအခါမှာ ဒူးဒဏ်ရာ ထပ်မံ ရရှိခဲ့တာကြောင့် နောက်ထပ်တစ်ဖန်အနားယူရဦးမှာဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ်နောက်ခံလူဟာ ဘရန့်ဖိုဒ်ကို ၂-၂ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်ခွင့်မရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ချီဝဲလ်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် ၃ လလောက်အထိ အနားယူခဲ့ရပြီး ဒီရာသီမှာ စုစုပေါင်း ၁၃ ပွဲသာ ပါဝင်ကစားထားနိုင်တာဖြစ်ပါတယ်။ ယခုအခါ နောက်ထပ်တစ်ကြိမ် ဒူးဒဏ်ရာ ရခဲ့တာကြောင့် လာမယ့် ယူရို ၂၀၂၄ မှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ သံသယရှိစရာဖြစ်လာခဲ့ပါတယ်။
ချီဝဲလ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ မော်ရီစီယို ပိုချက်တီနိုက “သူ ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ ကြီးကြီးမားမား ထိခိုက်မိတာမဟုတ်ဖို့တော့ မျှော်လင့်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ချီဝဲလ်အပြင် နောက်ထပ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ လီဗိုင်ကိုဝယ်လ်ကလည်း ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ခြေချောင်းဒဏ်ရာ ရရှိခဲ့တာကြောင့် ချဲလ်ဆီးရဲ့ဒဏ်ရာရ လူစာရင်းထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ကော်နာဂယ်လာဂါကလည်း ဒီအပတ် ချဲလ်ဆီးရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာကြောင့် နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။
ဂယ်လာဂါနဲ့ပတ်သက်ပြီး ပိုချက်တီနိုက “ သောကြာနေ့ ဒါမှမဟုတ် စနေနေ့မှာ ဂယ်လာဂါအနေနဲ့ လေ့ကျင့်ရေးဆင်းနိုင်မလား စောင့်ကြည့်ရပါမယ်။ သူ့ရဲ့အဓိကပြဿနာကတော့ ကြံ့ခိုင်မှုမပြည့်ဝတာပါပဲ။ နယူးကာဆယ်နဲ့ပွဲမှာ ကစားနိုင်ဖို့ ဖြစ်နိုင်ချေရှိမရှိ မသေချာသေးပါဘူး။ လာမယ့်ရက်တွေမှာ အကဲဖြတ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ဒဏ်ရာရ ကစားသမားတွေထဲမှာ ဘာဒီယာရှီးလ်၊ ဝက်စလေဖိုဖာနာ၊ ရီစီဂျိမ်းစ်၊ ရိုမီယိုလာဗီယာ၊ ခရစ္စတိုဖာ အန်ကွန်ကူနဲ့ လက်စ်လေအူဂိုချူကူတို့ ရှိနေပြီး နောက်ထပ် ထပ်တိုးလာဖို့ အလားအလာများနေပါတယ်။ သို့သော်လည်း ကာနေးချူကူမီကာက အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်လာနိုင်တာကြောင့် နယူးကာဆယ်နဲ့ပွဲစဉ်မှာ ကစားနိုင်ဖို့ရှိနေပါတယ်။