
ချဲလ်ဆီးရဲ့အပြောင်းအရွှေ့ချဉ်းကပ်ပုံအပေါ် ဝေဖန်ကာ ကိုင်စီဒိုရဲ့အပြောင်းအရွှေ့ဟာ မှားယွင်းမှုတစ်ခုလို့ ဆိုလိုက်တဲ့ ဘီဂိုဗစ်
ချဲလ်ဆီးဂိုးသမားဟောင်းဘီဂိုဗစ်က အသင်းဟောင်းရဲ့ အပြောင်းအရွှေ့ချဉ်းကပ်ပုံအပေါ် ဝေဖန်ပြောဆိုလိုက်ပြီး ကိုင်စီဒိုကို လက်မှတ်ရေးထိုးခေါ်ယူမှုဟာ မှားယွင်းတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ပိုင်ရှင်သစ်တော့ဒ်ဘိုလေ လက်အောက်မှာ တစ်နှစ်ကျော်ကျော်ကာလအတွင်း အပြောင်းအရွှေ့အသုံးစရိတ် ပေါင်တစ်ဘီလျံကျော်သုံးစွဲခဲ့တဲ့ အနောက်လန်ဒန်ကလပ်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်-၁၂ နေရာဖြင့် ရာသီသိမ်းခဲ့ရပါတယ်။ လက်ရှိဘောလုံးရာသီသစ်မှာလည်း ချဲလ်ဆီးက ဒီအဆင့်မှာပဲ ရပ်တည်နေကာ ရာသီအဖွင့်ပွဲစဉ်လေးပွဲအနက် တစ်ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။
ဘီဂိုဗစ်ကတော့ တိုးတက်ဖို့အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ အသက်-၂၃ နှစ်အောက် လူငယ်ကစားသမားသီးသန့်ပုံစံဖြစ်နေတဲ့ ချဲလ်ဆီးရဲ့ ကစားသမားသစ်စုဆောင်းမှုတွေက အေဘရာမိုဗစ်ချ်လက်ထက် ဆုဖလားအောင်မြင်မှုတွေ တည်ဆောက်နိုင်ခဲ့တဲ့ အစဉ်အလာတွေနဲ့ အတော်လေးကွဲထွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူက ချဲလ်ဆီးအသင်းလူစာရင်းဟာ အလယ်အလတ်တန်းစားအဆင့်မှာသာ ရှိပြီး ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ယှဉ်ပြိုင်ရမယ့်အစား ကိုင်စီဒိုကို လက်မှတ်ထိုးခေါ်ယူမှုက အသင်းရဲ့ကျရှုံးမှုတွေကို ဖော်ပြနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
The Byline Podcast နဲ့ ဆွေးနွေးခန်းမှာ ဘီဂိုဗစ်က "ကိုင်စီဒိုအတွက်တောင် ပေါင် ၁၁၅ သန်း သုံးနိုင်တယ်ဆိုရင် ဒီကလန်ရိုက်စ်အတွက် ပေါင်သန်း ၁၂၀ သုံးစွဲနိုင်ပါတယ်၊ ဟုတ်လား? ကျွန်တော်နဲ့ ဒီကလန်ရိုက်စ် လူချင်းမရင်းနှီးသလို အာဆင်နယ်အတွက် သူမကစားပေးချင်ဘူးလို့လည်း ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် သူက ချဲလ်ဆီးဆီလည်း လာချင်လိမ့်မယ်လို့ တကယ့်ကို ယုံကြည်မိပါတယ်။ ဒီကလန်ရိုက်စ်က ဘာလို့ အခြားအသင်းဆီရောက်သွားတာလဲလို့ တွေးမိနိုင်ပါတယ်။ အတိတ်ကာလမှာ ဒီလိုကစားသမားမျိုးတွေ၊ ခြေစွမ်းအတောက်ပဆုံး ကာလရောက်ရှိနေတဲ့ ကစားသမားတွေက ချဲလ်ဆီးဆီပဲ လာချင်ကြပါတယ်"
"ဒီကလန်ရိုက်စ်လည်း ကစားသမားဘဝအတောက်ပဆုံး အချိန်ဆီ ရောက်နေပြီလေ။ ကျွန်တော် ဘောလုံးပွဲတွေကို အရူးအမူးကြည့်ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ ချဲလ်ဆီးကစားသမားတစ်ဝက်လောက်ကို ကောင်းကောင်းမသိပါဘူး။ ကျွန်တော့်အတွက်တော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးဟာ တမူထူးခြားနေပါတယ်။ အရမ်းကို ထူးခြားနေတာပါ။ အသင်းကို တည်ဆောက်နေတယ်လို့လည်း ကျွန်တော်မမြင်မိပါဘူး။ အခုပြောနေတဲ့ တည်ဆောက်ဆဲအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကြီးဆိုတာကလည်း ကျွန်တော့်အတွက်တော့ ဆင်ခြေတစ်ခုသာသာပါပဲ"
"ကျွန်တော် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ခြေစွမ်းကို မကြိုက်ဘူးလို့ မပြောပါဘူး။ ဒါပေမယ့် အန်ဇိုနဲ့ ကိုင်စီဒိုအတွက် ပေါင်သန်း ၂၃၀ သုံးတယ်ဆိုတော့ အခွင့်အခါသာရမယ်ဆိုရင် ကျွန်တော်က ဒီကစားသမားတစ်ဦးဦးထက် ဒီကလန်ရိုက်စ်ကိုပဲ ခေါ်ယူပါ့မယ်။ ကျေးဇူးပြု၍ ကစားသမားကောင်းတွေကိုပဲ ခေါ်ယူလိုက်စမ်းပါ။ အရိုးသားဆုံးပြောရရင် လွန်ခဲ့တဲ့ ၁၂ လတာကာလအတွင်း ချဲလ်ဆီးမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ? ယုံကြည်ချက်တွေ ပျောက်ဆုံးခဲ့တာလေ။ သုံးစွဲထားတဲ့ ငွေကြေးပမာဏနဲ့ ပိုချက်တီနိုစိတ်တိုင်းကျလူစာရင်းက အမှတ်ပေးဇယားအဆင့်-၁၂ မှာ ရောက်နေတယ်လေ။ ဒါက အမှတ်ပေးဇယားအလယ်ပိုင်းမှာပဲ။ ဒီထက်ပိုပြီး မြင့်မြင့်မားမားအဆင့်ကို လိုချင်တယ်ဆိုရင်တော့ အလုပ်ကို အံ့သြဖို့ကောင်းအောင် လုပ်ရပါလိမ့်မယ်"
"အန်ကွန်ကူနဲ့ ပတ်သက်လို့ ကံနည်းနည်းဆိုးသွားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ရပါတယ်၊ သူက ထိပ်တန်းကစားသမားတစ်ဦးပါ။ နောက်ထပ် ပယ်လ်မာတစ်ယောက်လောက်ပဲ ထပ်ဝင်လာခဲ့တယ်။ ဒါပေမယ့် အခုကစားသမားအင်အားဖြည့်တင်းမှုလောက်နဲ့ ဘာသွားလုပ်မှာလဲ? ချဲလ်ဆီးအသင်း ပြန်လည်တည်ဆောက်နေရတာ ဘာကြောင့်လဲ? ဘာကြောင့် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တစ်ခုမှာ ချဲလ်ဆီးအသင်း ရှိနေရတာလဲ? ဒီအသင်းက အကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်ပါတယ်။ ကျွန်တော် ဒီအသင်းမှာရှိခဲ့ဖူးလို့ ဂုဏ်ယူရပါတယ်။ ဒီနေရာက ကမ္ဘာပေါ်မှာ ဘောလုံးကစားဖို့ အကောင်းဆုံးနေရာတွေအနက် တစ်ခုဖြစ်ပါတယ်"
"ကျွန်တော်တို့ ကစားသမားဘ၀ အသင်းရဲ့အဝတ်လဲခန်းကို ပြန်အမှတ်ရမိနေပါသေးတယ်။ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အပြည့်ပဲ။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေမှ ကစားသမားတွေကို ခေါ်ယူခဲ့တယ်။ အဲ့ဒီလိုပဲ အခုတော့ ကျွန်တော်တို့က ဘရိုက်တန်ရဲ့ အလားအလာရှိလူငယ်ကစားသမားတွေကို ခေါ်ယူနေရတယ်။ ဒီလူငယ်ကစားသမားတွေလည်း အသင်းလူစာရင်းမှာ လိုအပ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့အဆင့်ထိပ်တန်းကစားသမားတွေက ဘယ်မှာလဲ"လို့ ပြောပါတယ်။