The network connection is lost.

Banner Image

ဖီယင်နုနဲ့ပွဲစဉ်အတွင်း အခွင့်အရေးတွေလွဲချော်ခဲ့တယ်လို့ ညည်းတွားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ

ဒီနေ့မနက်ပိုင်း၊ ဖီယင်နုကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့်  ဂိုးသွင်းယူနိုင်ခဲ့သင့်တယ်လို့ နည်းပြကွန်ပနီက မချိတင်ကဲညည်းတွားပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း ဂျာမန်ဘီလူးကြီးက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းနီးပါးရရှိခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၃၂ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

တဖက်မှာလည်း ဖီယင်နုက ဂျီမင်နက်ဇ်ရဲ့ပထမပိုင်းသွင်းဂိုးနှစ်ဂိုးအပါအဝင် ပြိုင်ဘက်ဂိုးပေါက်ဆီ ခြိမ်းခြောက်မှု ခြောက်ကြိမ်သာပြုလုပ်နိုင်ပေမယ့် သုံးဂိုးအထိသွင်းယူကာ သူတို့ရဲ့ရဲစွမ်းသတ္တိကို သက်သေပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ဆာနေးရဲ့ခေါင်းတိုက်အဆုံးသတ်မှု ဂိုးတိုင်ထိသွားခဲ့သလို ဖီယင်နုဂိုးသမားဘင်ဂျမင်ဘီဂျလိုရဲ့အံ့အားသင့်လောက်စရာလက်စွမ်းကလည်း ဂျာမန်သားတွေရဲ့ အကြိမ်ကြိမ်ကြိုးစားအားထုတ်မှုတွေကို ချေဖျက်သွားခဲ့ပါတယ်။ ဖီယင်နုဂိုးသမားက ဟယ်ရီကိန်းရဲ့ကန်ချက်နှစ်ကြိမ်အပြင် မူစီယာလာရဲ့ခေါင်းတိုက်ချက်တို့ကိုလည်း အကြိမ်ကြိမ်ကာကွယ်ပြခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကွန်ပနီက “အရိုးသားဆုံးပြောရရင် ဖီယင်နုက နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်။ သူတို့တွေ အပြင်းအထန်ကြိုးစားအားထုတ်ခဲ့တာပါ။ ကျွန်တော်တို့လည်း အခွင့်အရေးတွေ အများကြီးရရှိခဲ့ပါတယ်။ ကျွန်တော်တို့အသင်း တစ်ဂိုး၊ နှစ်ဂိုး (သို့မဟုတ်) ဒီထက်ပိုပြီးတော့တောင် သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဖီယင်နုကတော့ သူတို့ရဲ့အခိုက်အတန့်တွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ အုပ်စုနောက်ဆုံးပွဲစဉ်ကစားရဖို့ ကျန်ရှိနေသေးချိန် ဖီယင်နုက ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်ကာ ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၁ နေရာဆီ တက်လှမ်းလာခဲ့ပါတယ်။ ကွန်ပနီရဲ့အသင်းကတော့ ချန်ပီယံလိဂ်ခုနစ်ပွဲကစားပြီးချိန် သုံးကြိမ်မြောက်ရှုံးနိမ့်မှုနဲ့အတူ ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရပ်တည်နေပါတယ်။

အုပ်စုပွဲစဉ်တွေအပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာရှိမယ့် အသင်းရှစ်ခုက ၁၆ သင်းရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းပြီး နောက်ထပ်အသင်း ၁၆ ခုကတော့ အကြိုရှုံးထွက်အဆင့်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။ ကွန်ပနီက “ ဒီနေ့ပွဲစဉ်အတွက် ကျွန်တော်တို့အသင်းရဲ့တစ်ဦးချင်းကစားပုံမှာရော၊ စုဖွဲ့ကစားဟန်မှာပါ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး။

ကျွန်တော်တို့တွေ လုပ်စရာရှိတာအကုန် လုပ်ဆောင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ လုံလောက်တဲ့ ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး။ ကျွန်တော်တို့အတွက် သွင်းဂိုးရရှိနိုင်မယ့် အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ဒီအခိုက်အတန့်အများစုကို အသုံးမချနိုင်ခဲ့ဘူး”လို့ ပြောပါတယ်။