The network connection is lost.

Banner Image

ရော်နယ်ဒိုက အသင်းနဲ့ စည်းလုံးနေကြောင်းကို ပြသနိုင်ခဲ့တယ်လို့ ထောက်ပြပြောဆိုလာတဲ့ ရော်ဘတ်တိုမာတီနက်ဇ်

ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ယနေ့နံနက်က အိုင်ယာလန်ကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့စူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒို အနေနဲ့ အသင်းဖော်တွေနဲ့ စည်းလုံးညီညွှတ်မှုရှိနေကြောင်းကို မီးမောင်းထိုးပြလာခဲ့ပါတယ်။

ယခုပွဲစဉ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်မီ ပေါ်တူဂီရဲ့ နောက်ဆုံးခြေစမ်းပွဲစဉ်ဖြစ်ပြီး ရော်နယ်ဒိုက အသင်းအတွက် ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြမာတီနက်ဇ်က အယ်လ်နာဆာတိုက်စစ်မှူးဟာ ပေါ်တူဂီအသင်းရဲ့ အဓိကျတဲ့ကစားသမားတစ်ဦးဖြစ်နေကြောင်းနဲ့ အခုလိုလက်တွဲလုပ်ဆောင်နေရတဲ့အပေါ် ပျော်ရွှင်မိကြောင်း ပြောကြားလာခဲ့ပါတယ်။

မာတီနက်ဇ်က “အသင်းခေါင်းဆောင်တာဝန်ကို သူအပြည့်အဝ တာဝန်ယူထားနိုင်တာမယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ ဒီနေ့မှာ ကမ္ဘာ့အဆင့်မီသွင်းဂိုး ၂ ဂိုးကိုမြင်တွေ့ခဲ့ရပြီး ဒါကတကယ်ကို ချီးကျူးစရာပါ။ သူဒီနေ့မှာ ၂ ဂိုးသွင်းယူခဲ့ပေမယ့် ဂိုးတွေမသွင်းခင်မှာ အသင်းဖော်တွေကို ဖန်တီးပေးဖို့ရည်ရွယ်ခဲ့တယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါက သူဟာအသင်းနဲ့စည်းလုံးညီညွတ်နေကြောင်းကို ပြသခဲ့တာပါပဲ။ သူက အသင်းရဲ့အဝတ်လဲခန်းအတွင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း အရေးပါတဲ့လူတစ်ယောက်ပါ။ ဂိုးဖန်တီးမှုမပြုလုပ်နိုင်ခဲ့ပေမယ့် သွင်းယူခဲ့တဲ့ဂိုးတွေကလည်း အရမ်းအရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

 
ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ပေါ်တူဂီအသင်းဟာ အုပ်စု F မှာ တူရကီ၊ ဂျော်ဂျီယာ၊ ချက်တို့နဲ့ ကျရောက်နေတာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အုပ်စုအတွင်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီမှာလည်း ရော်နယ်ဒိုကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ဖူးပြီး ထိုစဉ်က ရော်နယ်ဒိုဟာ အသက်-၃၈ နှစ် ရှိပြီဖြစ်ပေမယ့် ကွင်းထဲမှာအခွင့်အရေးရရင် အန္တရာယ်အရှိဆုံးကစားသမားဖြစ်တယ်လို့ အမွှန်းတင်ခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က “သူနဲ့တစ်သင်းတည်းမှာ အတူတူမရှိဖူးရင်တော့ သူ့ရဲ့လျှို့ဝှက်ချက်တွေကို သိရမှာမဟုတ်ပါဘူး။ သူ့အနေနဲ့ အသက်-၃၈ နှစ် ရှိပြီဖြစ်ပေမယ့် ဘာကြောင့် ပုံမှန်ကစားနိုင်လဲဆိုတာ သူနဲ့တစ်သင်းတည်းမှာရှိဖူးရင် သိမှာပါ။ သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဘောလုံးပေါ်မှာရူးသွပ်မှုနဲ့ ဆန္ဒပြင်းထန်မှုတွေက မယုံနိုင်စရာပါ။ ဒါမျိုးတွေက လူငယ်ကစားသမားတွေမှာပဲ တွေ့နိုင်တဲ့အအရာပါ” လို့ ပြောကြားခဲ့ပါတယ်။

ယခုအခါမှာ အသက်-၃၉ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုနဲ့ပတ်သက်ပြီး မာတီနက်ဇ်က “သူ့မှာ ကြံ့ခိုင်မှုကောင်းကောင်းရှိနေတယ်လို့ထင်ပါတယ်။ ဘော့စနီးယားနဲ့ပွဲမှာ  မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေက အံ့မခန်းပါပဲ။ ဒါကြောင့် ၂ ပွဲစလုံးကို မိနစ် ၉၀ အပြည့်ကစားနိုင်ခဲ့တာပါ။ အခုချိန်မှာတော့ အသင်းမှာဘယ်သူက ဘယ်လောက်ပိုကစားနိုင်လဲဆိုတာ သိလာပါပြီ။ နိုင်ငံအတွက် ပွဲပေါင်း ၂၀၀ ကျော်အထိ ကစားခဲ့ပြီးနောက်မှာလည်း ရော်နယ်ဒိုက စွမ်းဆောင်ရည်မလျော့ကျသေးပါဘူး”လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပေါ်တူဂီနည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းကနေထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ မန်နေဂျာဟောင်းက ပေါ်တူဂီဟာ ယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းမပါရင် ပိုကောင်းလိမ့်မယ်လို့ ယူဆခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ပေါ်တူဂီဟာ မော်ရိုကို ကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး နောက်ပိုင်းမှာတော့ ဆန်းတို့စ်ဟာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။