
ချဲလ်ဆီးပစ်မှတ်ကို ကြားဖြတ်လုယူဖို့ ပြင်ဆင်လာတဲ့ ဘိုင်ယန်မြူးနစ်
သတင်းတွေအရ ဒေါ့မွန်အားကစားဒါရိုက်တာ ကီဟယ်တစ်ယောက် တောင်ပံကစားသမား ဂစ်တန်အပြောင်းအရွှေ့အတွက် ဘိုင်ယန်နဲ့ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဂစ်တန်ရဲ့အနာဂတ်က အခုနွေရာသီမှာမသေချာသေးပဲ ဒုတိယရာသီဝက် ကိုဗက်လက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးလာခဲ့တာဖြစ်ပါတယ်။
အဆိုပါအခြေအနေကြောင့် ဂစ်တန်တစ်ယောက် အသင်းပြောင်းဖို့များနေပြီး ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေပါတယ်။ အစောပိုင်းထွက်ပေါ်လာတဲ့သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ဂစ်တန်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပြီး အင်္ဂလိပ်ဘောလုံးလောကကိုပြန်လာဖို့များနေပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအနေနဲ့ ဂစ်တန်အတွက် ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
ဒေါ့မွန်ဘက်က သူတို့စတားအတွက် ပေါင် ၅၁ သန်းလောက်အလိုရှိနေပါတယ်။ဘိုင်ယန်အသင်းက ချဲလ်ဆီးပစ်မှတ်ကို စိတ်ဝင်စားနေပြီး နီကိုဝီလီယံက အဆင်မပြေတော့တာကြောင့် ဂစ်တန်ဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂ သင်းကြားဆွေးနွေးမှုတွေမရှိဘူးလို့ ဒေါ့မွန်အမှုဆောင် ကီဟယ်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အခုဘိုင်ယန်အားကစားဒါရိုက်တာ မက်စ်နဲ့ ချိတ်ဆက်မှုမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ဆက်ဆံရေးအခြေအနေရှိပါတယ်။ လက်ရှိမှာဘာမှမဆွေးနွေးဖြစ်သေးပါဘူး”လို့ ကီဟယ်ကပြောကြားလိုက်ပါတယ်။ ဂစ်တန်အပြင် ဘိုင်ယန်အသင်းဟာ လီအို ၊ ဂတ်ပို ၊ ဘာကိုလာ ၊ မီတိုမာတို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်အမှုဆောင် မက်စ်က အခုလအစောပိုင်းမှာတင် ကွန်ပနီတို့နဲ့အတူ အမေရိကမြေကို ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ ကီဟယ်ကတော့ ပြီးခဲ့တဲ့အပတ်တုန်းက ဒေါ့မွန် နဲ့ ဂစ်တန်တို့ကြား ဂစ်တန်ရဲ့အနာဂတ်ကို အဖြေရှာဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ ဂျင်မီ နဲ့ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက တစ်ဦးချင်းကော အဖွဲ့လိုက်ပါ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ သူက ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးကါ။ လက်ရှိပြိုင်ပွဲမှာ သူက အရမ်းအရေးပါတဲ့ကစားသမားဖြစ်နေဆဲပါ။ အဲ့တာပြီးရင်တော့ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ကျွန်တော့်မှာ သူနဲ့ပတ်သက်ပြီး ဆိုးဝါးတဲ့အမြင်မရှိပါဘူး”လို့ မက်စ်က ဖြေကြားခဲ့ပါတယ်။ ဂစ်တန်ဟာ အင်္ဂလန်ယူ - ၂၁ အသင်းအတွက် ၁၁ ပွဲပါဝင်ကစားပေးထားပြီး ဒေါ့မွန်နဲ့စာချုပ်သက်တမ်းက ၂၀၂၈ ဇွန်လအထိ ကျန်ရှိနေပါတယ်။