
အာဆင်နယ်ပစ်မှတ်ကို အလွတ်နဲ့ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေတဲ့ ဘိုင်ယန်
သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘဏ္ဍာရေးအခြေအနေကြောင့် စာချုပ်သစ်သဘောမတူခဲ့ရင် တောင်ပံကစားသမား ဆာနေးကို အလွတ်နဲ့ထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။ ဂျာမန်သားရဲ့လက်ရှိစာချုပ်သက်တမ်းက လာမယ့်လမှာကုန်ဆုံးမှာဖြစ်ပြီး ထိပ်တန်းအသင်းတွေက ခေါ်ယူချင်နေကြပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအားဖြည့်ချင်နေပြီး ဆာနေး နဲ့ အာတီတာတို့ကြား မန်စီးတီးမှာကတည်းက နီးကပ်တဲ့ဆက်ဆံရေးအခြေအနေရှိထားတာဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေကြောင့် ဆာနေးတစ်ယောက် စီးတီးကနေ ပေါင် ၄၅ သန်းနဲ့ပြောင်းလာပြီးကတည်းက ဘွန်ဒက်စ်လီဂါ ၁၀၄ ပွဲသာ ပါဝင်ခွင့်ရရရှိခဲ့ပါတယ်။ အသက် ၂၉ နှစ်သားဟာ ဒီရာသီဘိုင်ယန်အတွက် ရာသီပြည့်ပါဝင်ခဲ့သလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာလည်း ပါဝင်ခဲ့ကာ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဇင်ချန်ကို နဲ့ ဂျီးဆပ်စ်တို့ကိုခေါ်ယူပြီး အောင်မြင်ခဲ့တာကြောင့် အခုလည်း ဆာနေးကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဆာနေးကို ဆက်ထိန်းထားချင်ပါတယ်။ ဒါပေမယ့် အခြေခံအချက်တော့ သဘောတူညီမှုရယူနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင် ခက်ခဲနိုင်ပါတယ်။ အဲ့တာက ဆာနေးအပေါ်မှာပဲ မူတည်ပါတယ်။ ဆာနေးတစ်ယောက် မကြာသေးခင်တုန်းက အေးဂျင့်ပြောင်းလဲခဲ့ပေမယ့် အသင်းစီအီးအို ဟေနီယာက အဆိုပါအခြေအနေကို မသိရှိကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ သူအေးဂျင့်ပြောင်းလဲခဲ့တာကို မသိပါဘူး။ ကျွန်တော်တို့ ကစားသမားကိုကြည့်တာဖြစ်ပြီး အေးဂျင့်ကို ကြည့်တာမဟုတ်ပါဘူး။ သူက ဘိုင်ယန်မှာ ဆက်နေနိုင်ချေရှိပါတယ်။ သူက အသင်းကိုသဘောကျသလို နည်းပြကိုလည်း သဘောကျပါတယ်။ ကျွန်တော့်အမြင်အရ သူ့ကိုအသင်းမှာဆက်ထိန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဇာဟာဗီနဲ့သဘောတူညီမှုရယူပြီးပါပြီ။ ဒါပေမယ့် လီဝန် နဲ့ အလာဘာတို့အခြေအနေကို ပြန်ကြည့်ရပါမယ်။ သူက ခက်ခဲတဲ့ညှိနှိုင်းရေးသမားပါ။ အခြားအေးဂျင့်တွေလည်း အတူတူပါပဲ”လို့ ဟေနီယာက ပြောကြားခဲ့ပါတယ်။