
ပွဲဆက်တွေများပြားလွန်းလို့ ဆဲလ်တစ်နဲ့ပွဲမှာ ပုံစံကောင်းပြသဖို့ရုန်းကန်ခဲ့ရတယ်လို့ ဆိုလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ယနေ့နံနက်က ဆဲလ်တစ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်မှာ သူ့ရဲ့အသင်းအနေနဲ့ ပုံစံကောင်းပြသဖို့ရုန်းကန်ခဲ့ရခြင်းမှာ ပွဲဆက်တွေများလွန်းပြီး ပွဲပန်းနေတာကြောင့်ဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဟာ ပွဲကစားချိန် မိနစ် ၉၀ ကျော်အထိ ဆဲလ်တစ်ရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပြီး ပွဲပြီးကာနီး ၉၀+၄ မိနစ်မှာရရှိခဲ့တဲ့ ဒေဗီးစ်ရဲ့သွင်းဂိုးကြောင့် ၁-၁ ဆိုတဲ့သရေရလဒ်ကိုဖော်ဆောင်ကာ နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အနေနဲ့ ဆဲလ်တစ်ကိုနောက်ကနေလိုက်ကစားခဲ့ရပြီး ပုံမှန်ခြေစွမ်းကောင်းကိုလည်း ပြသနိုင်ခဲ့ခြင်းမရှိလို့ သရေရလဒ်ရဖို့တောင် ခက်ခဲခဲ့တာဖြစ်ပါတယ်။ ဂျာမန်ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ဘိုင်ယန်မြူးနစ်ဟာ တနင်္ဂနွေနေ့ကလည်း လေဗာကူဆင်ကိုဂိုးသွင်းနိုင်ခဲ့ခြင်းမရှိလို့ ၀-၀ နဲ့ သရေကျထားခဲ့တာဖြစ်ပါတယ်။ ကွန်ပနီက "ကျွန်တော်တို့မှာ ၆ ရက်အတွင်း ပွဲတွေအများကြီးကစားခဲ့ရပါတယ်။ ဒါက ရိုးရှင်းပါတယ်။ ပထမပိုင်းမှာကစားပုံကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပွဲပန်းနေလို့ ကစားပုံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် အခွင့်အရေးတွေရခဲ့ပြီး ဒီထက်ပိုပြီးဂိုးတွေသွင်းနိုင်ခဲ့သင့်ပါတယ်။ ပွဲတွေများတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပွဲစဉ်ရဲ့ရလဒ်နဲ့ညီမျှတဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါမှာ ဒုတိယနေရာက လေဗာကူဆင်ကို ၈ မှတ်အထိဖြတ်တောက်ထားနိုင်တဲ့ ဘိုင်ယန်မြူးနစ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဖရန့်ဖတ်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ သို့သော်လည်း ယခု ဆဲလ်တစ်နဲ့ပွဲစဉ်မှာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ အဆိုပါပွဲစဉ်ကိုလွဲချော်သွားနိုင်ချေရှိနေပါတယ်။ ကိန်းရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ကွန်ပနီက "ဒီမနက်မှာ ကိန်းက ကျွန်တော်တို့ကို လက်မထောင်ပြပြီး အခြေအနေကောင်းတဲ့အကြောင်း အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲထဲမှာတုန်းကတော့ မိနစ် ၉၀ အပြည့်မကစားနိုင်ဘူးလို့ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စွန့်စားမှုမယူချင်လို့ လူစားလဲခဲ့တာပါ။ ဒဏ်ရာရဲ့အခြေအနေကို ကျွန်တော်လည်း အခုချိန်အထိတော့မသိရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။