ဘိုချမ်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် ရာထူးမှထုတ်ပယ်ခံရဖွယ် မရှိတဲ့ ဘိုင်ယန်နည်းပြ တူချယ်
ယမန်နေ့ညပိုင်း၊ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဘိုချမ်ကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားဦးဆောင်သူ လေဗာကူဆင်နဲ့ ရှစ်မှတ်အထိ ကွာဟသွားပေမယ့် ဘိုင်ယန်မြူးနစ်က လက်ရှိနည်းပြတူချယ်ကို ရာထူးမှ ထုတ်ပယ်သွားဖို့ မရှိဘူးလို့ သတင်းတွေအရ သိရပါတယ်။
၁၂ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ဆုဖလားလက်မဲ့ရာသီနဲ့ ကြုံတွေ့ရဖို့ နီးစပ်နေတဲ့ တူချယ်ရဲ့အသင်းက ဖိအားတွေအောက် ကျရောက်နေပြီး ယမန်နေ့ညပိုင်း ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့မှုက လတ်တလော ဘိုင်ယန်မြူးနစ်ရဲ့ ပြိုင်ပွဲစုံသုံးပွဲဆက် ရှုံးနိမ့်မှုတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ အံ့အားသင့်စရာအဖြစ် ဘိုင်ယန်မြူးနစ်က ပွဲပြီးသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပြီး အခုဘောလုံးရာသီ၊ ရုန်းကန်နေရမှုကို အချိန်မီကယ်တင်နိုင်ဖို့ နည်းပြအပြောင်းအလဲမြင်တွေ့ရမလားဆိုတဲ့ ထင်ကြေးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါပေမယ့် Sky Germany သတင်းထောက် ပလက်တန်ဘတ်ချ်ရဲ့အဆိုအရ ဘိုင်ယန်အနေဖြင့် တူချယ်ကို ရာထူးမှထုတ်ပယ်သွားဖို့ အစီအစဉ်မရှိသလို နည်းပြဖြစ်သူကိုယ်တိုင်ကလည်း ရာထူးမှနုတ်ထွက်သွားဖို့ မရှိဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် အိပ်မက်ဆိုးဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့သီတင်းပတ်ကာလအတွင်း လိဂ်ချန်ပီယံပြေးလမ်းပြိုင်ဘက် လေဗာကူဆင်ကို သုံးဂိုးပြတ်အရေးနိမ့်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လာဇီယိုကို ၁-၀ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်စီးအီးအိုဒရက်ဆန်က တူချယ်အပေါ် ထောက်ခံမှုပြသခဲ့ပြီး ရုန်းကန်နေရတဲ့ နည်းပြကို ထုတ်ပယ်သွားဖို့ မရှိဘူးလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။
ပွဲစဉ်အပြီး ဒရက်ဆန်က “ကျွန်တော့်ရဲ့ခံစားချက်တွေလည်း ဆိုးရွားနေပါတယ်။ နည်းပြနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခု ကြီးကြီးမားမားရှိလာလိမ့်မယ်လို့ မယုံကြည်ထားပါဘူး။ လက်ရှိအခိုက်အတန့်မျိုးမှာ ဒီကိစ္စက ကျွန်တော်တို့ရဲ့ အတွေးထဲမှာ မရှိနေပါဘူး။ (တူချယ်က လာမယ့်သီတင်းပတ်အတွက် အသင်းရဲ့ပဲ့ကိုင်ရှင်အဖြစ် ဆက်ရှိနေဦးမလား?ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့) အမှန်ပါပဲ၊ ဒီအတိုင်းပဲ ဆက်ရှိနေပါတယ်”လို့ ပြောပါတယ်။
ဘိုချမ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်လို့ တူချယ်က “ဒီနေ့ရှုံးပွဲက တရားမျှတတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီနေ့မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်တိုင်းက ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဘက်မှာပဲ ရှိနေခဲ့တယ်လို့ ယူဆမိပါတယ်။ ကျွန်တော်တို့မှာ ဂိုးရနိုင်ခြေ ၃ ဒဿမ ၄ အထိ ရှိခဲ့ပြီး ထိပ်တန်းအခွင့်အရေး လေးငါးခြောက်ခါလောက် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲကို လုံးဝလွှမ်းမိုးထားနိုင်ခဲ့ပြီး ဘယ်အခန်းကဏ္ဍမှာမှ နောက်မှာ ကျန်ရစ်နေခဲ့တာမျိုး မရှိပါဘူး။ အဆုံးသတ်မတိုင်ခင်အထိ ကျွန်တော်တို့ရဲ့ အားထုတ်မှုကို ရပ်တန့်ခဲ့ခြင်းမရှိသလို ကစားသမားတစ်ဦးလျော့ အနေအထားနဲ့လည်း ကစားခဲ့ရပါတယ်။ ဒီနေ့မှာ ကိစ္စရပ်တော်တော်များများက ကျွန်တော်တို့ရဲ့ဆန့်ကျင်ဘက်မှာပဲ ရှိနေခဲ့ပါတယ်။ ဒီနေ့ရှုံးပွဲက ပြီးခဲ့တဲ့ရှုံးပွဲနှစ်ခုနဲ့တော့ ကွာခြားလှတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောပါတယ်။
ဘိုင်ယန်မြူးနစ်က ဖေဖော်ဝါရီ ၂၄ ရက်မှာ လိုက်ပ်ဇစ်နဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။