
ကူဘာဆီရဲ့ဂိုးကို ခိုးယူခဲ့မိလို့ တောင်းပန်စကားဆိုလာတဲ့ ရာဖင်ဟာ
ကြာသပတေးနေ့နံနက်က ဒေါ့မွန်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာတောင်ပံကစားသမားဟာ ရာဖင်ဟာတစ်ယောက် အသင်းဖော် ပေါကူဘာဆီရဲ့သွင်းဂိုးကို ခိုးယူခဲ့မိတာကြောင့် ပွဲအပြီးမှာတော့ တောင်းပန်စကားပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘာစီလိုနာအတွက်ဂိုးတွေကို ရာဖင်ဟာ၊ လီဝန်ဒေါစကီးနဲ့ လာမိုင်းယာမယ်လ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ၄ ဂိုးအထိပြတ်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ဖို့ သေချာသလောက်ဖြစ်နေဖြစ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၅ မိနစ်မှာ ကူဘာဆီရဲ့ ပိတ်သွင်းမှုမှတစ်ဆင့် ရာဖင်ဟာက ကြားဖြတ်သွင်းယူခဲ့တာဖြစ်ပြီး တကယ်လို့ ရာဖင်ဟာအနေနဲ့ ဘောလုံးကို မထိခဲ့ပါကလည်း ဂိုးထဲသို့ ဝင်ရောက်ဖို့ သေချာခဲ့တာဖြစ်ပါတယ်။ ရာဖင်ဟာ ဘောလုံးနဲ့ထိချိန်မှာ လူကျွံအနေအထားဖြစ်နေနိုင်ခဲ့လို့ VAR နဲ့ပြန်လည်စစ်ဆေးခဲ့ရာမှာ လူကျွံနေခဲ့ခြင်းမရှိပါဘူး။ ပွဲအပြီးမှာ ဘရာဇီးလက်ရွေးစင်က "ပထမဆုံးဂိုးမှာ ကျွန်တော်လူကျွံနေမယ်ထင်ပြီး စိုးရိမ်ခဲ့ပါတယ်။ ဂိုးအဖြစ်ခွင့်ပြုခဲ့လို့ တော်ပါသေးတယ်။ အဲဒီဂိုးအတွက် ကျွန်တော်ကူဘာဆီကို တောင်းပန်ခဲ့ပါတယ်။ သူကတော့ ပြဿနာမရှိကြောင်းနဲ့ အဲဒါကို ဂိုးဖန်တီးမှုလို့ပဲ သတ်မှတ်ထားတယ်လို့ပြောပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဘောလုံးက အပြင်ကိုထွက်သွားနိုင်တယ်လို့ ထင်ခဲ့မိပါတယ်။ ဒါကြောင့် အလိုလို ခြေထောက်ကပိတ်သွင်းမိခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
အဆိုပါသွင်းဂိုးကြောင့် ရာဖင်ဟာဟာ ဒီရာသီချန်ပီယံလိဂ်မှာ ၁၂ ဂိုးအထိသွင်းထားနိုင်ခဲ့ပြီး ရွှေဖိနိပ်ဆုကို သိမ်းပိုက်ဖို့ အလားအလာအရှိဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် ဘရာဇီးသားဟာ လီဝန်ဒေါစကီးနဲ့ ယာမယ်လ်တို့အတွက်လည်း ဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့တာကြောင့် ဒီရာသီချန်ပီယံလိဂ်မှာ ဂိုးဖန်တီးမှု ၇ ကြိမ်အထိရရှိထားပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ရာဖင်ဟာက "ထိပ်တန်းအဆင့်ကစားသမားတွေနဲ့ အတူတူကစားခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်။ ကွင်းထဲမှာ တစ်ယောက်အကြောင်းတစ်ယောက် နားလည်နေကြတာ အရမ်းအရေးကြီးပါတယ်။ ဒီပုံစံအတိုင်းပဲဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်ကြောင့် ဘာစီလိုနာဟာ ဒီရာသီမှာကစားထားတဲ့ ပြိုင်ပွဲစုံ ၄၈ ပွဲအတွင်း ၄ ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ ပွဲအရေအတွက်ဟာ ၂၁ ပွဲအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။တိုက်စစ်မှူးလီဝန်ဒေါစကီးက ဒီရာသီမှာ ပြိုင်ပွဲစုံ ဂိုး ၄၀ အထိသွင်းယူထားသလို၊ ပါရမီရှင်တောင်ပံကစားသမားလေး ယာမယ်လ်ကလည်း ၁၄ ဂိုးအထိသွင်းထားနိုင်တာဖြစ်ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ နည်းပြကြီး ဟန်ဆီဖလစ်က "ဒီပွဲက အနိုင်ရတဲ့ပွဲမဟုတ်သေးပါဘူး။ ဘောလုံးမှာတွေဖြစ်လာမလဲ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေ့မှာကစားခဲ့တဲ့ ပုံစံမျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ လောလောဆယ်မှာတော့ စနေနေ့မှာကစားမယ့်ပွဲကိုအာရုံစိုက်ထားပြီး အဲဒီပွဲအပြီးမှာ ဒေါ့မွန်ကို ပြန်လည်ရင်ဆိုင်သွားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။