The network connection is lost.

Banner Image

ဒဏ်ရာကြောင့် ယူရိုပြိုင်ပွဲကြီးကို လွဲချော်ရမယ့် ဘာစီလိုနာစတားဒီဂျောင်

ယူရို-၂၀၂၄ ပြိုင်ပွဲကြီးစတင်ဖို့ နီးကပ်လာချိန်မှာပဲ နယ်သာလန်လက်ရွေးစင်အသင်း အတွက် ထိုးနှက်ချက်ကြီးတစ်ခုအဖြစ် ကွင်းလယ်လူဖရန့်ကီဒီဂျောင်ကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ရဖို့ရှိလာပါတယ်။
 
ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေတဲ့ ဘာစီလိုနာကစားသမားက ယမန်နေ့၊ အိုက်စလန်ကို လေးဂိုးပြတ်အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်အတွက် နယ်သာလန်အသင်း လူစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဒီဒဏ်ရာကြောင့်ပဲ ဒီဂျောင်က ပြီးခဲ့တဲ့ဘောလုံးရာသီ၊ လာလီဂါနောက်ဆုံးနှစ်လတာကာလအတွင်း ပွဲချိန် ၄၅ မိနစ်လောက်သာ ကစားနိုင်ခဲ့ပါတယ်။
 
လတ်တလော နယ်သာလန်ဘက်မှ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဒီဂျောင်ဟာ ယူရိုပြိုင်ပွဲကြီးမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝဖို့ မရှိတော့ဘဲ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်ရေး ဘာစီလိုနာဆီ ပြန်လည်ထွက်ခွာမယ်လို့ သိရပါတယ်။ နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ကိုးမန်းကတော့ ဒီဂျောင်နဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ စွန့်စားမှုတွေ လုပ်ဆောင်ခဲ့ခြင်းအတွက် ဘာစီလိုနာ အသင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
 
“လာမယ့်သီတင်းပတ်သုံးခုလောက်အထိ ဒီဂျောင်က လုံးဝအဆင်သင့်ဖြစ်နေဦးမှာ မဟုတ်ဘူးလို့ပဲ ကျွန်တော်တို့ ကောက်ချက်ချခဲ့ရပါတယ်။ သူ့မှာ အခုဒဏ်ရာနဲ့ ပတ်သက်လို့ မှတ်တမ်းတစ်ခုရှိပါတယ်။ အရင်ကလည်း သူ့ရဲ့ကလပ်အသင်းက ကစားသမားနဲ့ပတ်သက်လို့ စွန့်စားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ ဒီအရာတွေ အတွက် ကျွန်တော်တို့က ပေးဆပ်ရပါတော့မယ်။ ဒီဂျောင်က ရာနှုန်းပြည့်အဆင်သင့်မဖြစ်သေးချိန်မှာတောင် ကလပ်အသင်းအတွက် ကစားပေးခဲ့ရတယ်ဆိုတာကို ကျွန်တော်သိပါတယ်”လို့ ကိုးမန်းက ပြောပါတယ်။