The network connection is lost.

Banner Image

နယူးကာဆယ်တိုက်စစ်မှူး အီဆက်ကို ပစ်မှတ်ထားစောင့်ကြည့်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အဓိက ကြိုးစားသွားမှာဖြစ်တာကြောင့် ယခုအချိန်ကတည်းက နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို စောင့်ကြည့်မှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယမ်ကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ ဘာစီလိုနာဟာ ယခုနှစ်နွေရာသီမှာ တိုက်စစ်ပိုင်းကို မဖြစ်မနေအင်အားဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ သတင်းတွေအရ ဘာစီလိုနာအားကစားဒါရိုက်တာ ဒီကိုဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် လူးဝစ်ဒီယက်ဇ်နဲ့ ဘင်ဂျမင်ဆက်စ်ခိုတို့ကိုလည်း အလားအလာရှိတဲ့ အပြောင်းအရွှေ့တွေအဖြစ် ရှုမြင်ထားတယ်လို့သိရပါတယ်။ 

ကောလာဟလတွေအရ ဘာစီလိုနာဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အီဆက်ကိုခေါ်ယူဖို့ နယူးကာဆယ်ကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုရရှိဖို့ အခက်အခဲကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အီဆက်ကို ပစ်မှတ်ထားစောင့်ကြည့်နေတဲ့ ဥရောပထိပ်သီးကလပ်တွေထဲမှာ အာဆင်နယ်ကလည်း တစ်သင်းအပါအဝင်ဖြစ်ပေမယ့် နယူးကာဆယ်ကတော့ အသင်းရဲ့အဖိုးတန်ကစားသမားအတွက် ပေါင်သန်း ၁၀၀ ကျော်အထိ အလိုရှိနေတာဖြစ်ပါတယ်။ လက်ရှိဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေအရဆိုရင်တော့ ဆွီဒင်လက်ရွေးစင်ကို ခေါ်ယူသွားနိုင်ဖို့ အခက်ကြုံတွေ့ရနိုင်ချေရှိပါတယ်။ 

ဒါကြောင့် ဘာစီလိုနာဟာ အီဆက်ကိုခေါ်ယူနိုင်ခြင်းမရှိပါက လီဗာပူးတောင်ပံကစားသမား လူးဝစ်ဒီယ်ဇ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ လီဗာပူးနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ လီဗာပူးအနေနဲ့ ဒီယက်ဇ်ကို ၂၀၂၆ ခုနှစ်မတိုင်မီမှာ စာချုပ်သစ်ချုပ်ဆိုခြင်းမရှိဘူးဆိုရင်တော့ ဘာစီလိုနာအနေနဲ့ ကိုလံဘီယာလက်ရွေးစင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ချေရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကတ်တလန်အသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ခိုကိုလည်း လီဝန်ဒေါစကီးရဲ့နေရာမှာ အစားထိုးဖို့ စောင့်ကြည့်နေတယ်လို့သိရပါတယ်။ လီဝန်ဒေါစကီးက လာမယ့်ရာသီကုန်အထိ အသင်းမှာဆက်လက်နေထိုင်ဖို့ရှိနေတာကြောင့် ဘာစီလိုနာအနေနဲ့ ဆက်စ်ခိုကိုခေါ်ယူနိုင်ဖို့က အနည်းငယ်ရှုပ်ထွေးလာနိုင်ပါတယ်။ 

လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားရဲ့ တတိယနေရာမှာသာ ရပ်တည်ထားပေမယ့် ဘာစီလိုနာဟာ ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၂ မှတ် ဒုတိယနေရာက အက်လသက်တီကိုနဲ့ ၁ မှတ်သာကွာဟနေတာကြောင့် ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။လာမယ့် တနင်္လာနေ့မှာတော့ ဟန်ဆီဖလစ်ရ့အသင်းဟာ လာလီဂါပွဲစဉ်အဖြစ် ဗယ်လီကာနိုကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။